တွေ့ဆုံမေးမြန်း- ဒါရိုက်တာ ကြည်စိုးထွန်း

 

ကျွန်တော်ဟာ ဆက်တိုက်လိုလိုပဲ အေဝမ်းရုပ်ရှင်ကုမ္ပဏီအကြောင်းကို ပြောလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခု ရှိပါတယ်။ ဒီရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုရဲ့ အရိပ်အာဝါသအောက်က ဒီနေ့အထိ ကျွန်တော်တို့ဟာ မလွတ်နိုင်ဘူးဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီကြီးနှစ်ခုက ပညာတွေ၊ အတွေ့အကြုံတွေ၊ ပစ္စည်းတွေကို အရင်းအနှီးပြုပြီးတော့ ရုပ်ရှင်ပညာကို တတ်မြောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီးနှစ်ခုကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီနေ့လှုပ်ရှားနေတဲ့ ရုပ်ရှင်လောကသားတွေကိုကြည့်ရင် ဒီကုမ္ပဏီကြီးတွေရဲ့ ဩဇာသက်ရောက်မှု မကင်းတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့ အကြောင်းကို ကျွန်တော်တင်ပြနေခြင်း ဖြစ်ပါတယ်။

 

(၆-၆-၂၀၂၀ ရက်နေ့မှ အဆက်)

အေဝမ်းကြည်အေး။ ။ အဏ္ဏဝါမေက ဒီလိုဗျ။ ကျွန်တော် ခုန လူလှနဲ့ရူပ ရိုက်ပြီးသွားရော။ ရိုက်ပြီး ထရွိုင်လုပ်နေရင်းနဲ့ ကျွန်တော့်ဆီကို ဇော်ဝင်းထွဋ်ရဲ့အမေ ထား။ သူက ကျွန်တော့်ဝိုင်းထဲမှာ ပုဏ္ဏားတိုင်ဆိုတာ။ Dubbing တွေမှာလည်း Background ဆိုတယ် တီးဝိုင်းသွားတီးရင်။

ကြည်စိုးထွန်း။ ။ အေဝမ်းကြည်အေး တူရိယာအဖွဲ့ဆိုပြီး ရှိသေးတယ်နော်။ အဲဒီမှာ မထားက သီချင်းဆိုတယ် ဪ။

 

အေဝမ်းကြည်အေး။ ။ အဲဒီမှာ ကျွန်တော်ခေါ်ခဲ့တာ၊ ဘဝဟူ သည် ရွှေဘကမင်းသား၊ သီသီက မင်းသမီး၊ နောက်ပြီးတော့ မြတ်ထွဋ်နဲ့ မောင်လှသူ။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့ ဟုတ်ကဲ့။

 

အေဝမ်းကြည်အေး။ ။ နှစ်ယောက် ဒါရိုက်တာ၊ သူတို့ တွဲရိုက်တဲ့အချိန်က ကျွန်တော်က အကူအညီသွားပေးတာ။ ကျွန်တော်က Dubbing သွားလုပ်ပေးတာ။ အေဝမ်းခြံထဲမှာပဲ အခန်းထဲကို မထား ဝင်လာပြီးတော့ အစ်ကို ခဏအပြင် လိုက်ခဲ့ပါတဲ့။ အပြင်မှာကျတော့ မနုနဲ့ ခင်သန်းနုနဲ့၊ သူက ပြည်ထောင်စုမယ် ခင်သန်းနုပါတဲ့။ မင်းသမီးလုပ်ချင်လို့တဲ့။ ဟ မင်းသမီးလုပ်ရအောင် ငါက ဒါရိုက်တာပဲဟ လို့၊ ပရိုဂျူဆာရှာမှ ရမှာပေါ့လို့။

 

ကြည်စိုးထွန်း။ ။ ကိုယ်က ပိုက်ဆံထုတ်နိုင်တာမှ မဟုတ်ဘဲ။

အေဝမ်းကြည်အေး။ ။ ထုတ် လည်း မထုတ်နိုင်ဘူး။ အဲဒီမှာ ကံကောင်းချင်တော့ တစ်လတောင်မကြာဘူး။ ကျွန်တော့်တပည့် ဆီဆုံလမ်းမှာနေတယ်။ မနက်မနက် လျှောက်လျှောက် သွားတယ်။ ကျွန်တော် စန္ဒရားတီးရင် တက် နားထောင်တယ်။ နောက်ပြီး လက်ဖက်ရည် ဆိုင်ခေါ်ပြီးတိုက်တယ်။ ကျွန်တော့်တပည့် ဘမိုး ကိုဘမိုး သူကရောက်လာတယ်။ ရောက်လာပြီးတော့ ဆရာတဲ့ ကျွန်တော့်ကို ကားတစ်ကားရိုက်ပါတဲ့။

 

ကြည်စိုးထွန်း။ ။ ဪသူက မင်းသားလုပ်ချင်တာ။

အေဝမ်းကြည်အေး။ ။ သူက ဘယ်သူနဲ့သွားတူလဲဆိုတော့ ဖာတစ်လုံး ကိုခင်မောင်နဲ့တူတယ်။ ဖာတစ် လုံးခေါင်းကျားလုပ်တဲ့။ ခင်ဗျား မင်းသားတော့ မလုပ်ပါနဲ့ဗျာ။ ဒုတိယမင်းသားပဲရမယ်လို့။ အဲဒီမှာ ဆရာရွှေဒုံးဆီ ကနေပြီးတော့ ကျွန်တော်က ဆရာ့ဆီတောင်းတော့ မင်းရိုက်ကွာဆိုပြီး “Woman of the river”။ အဲဒါကို ကျွန်တော်က အဏ္ဏဝါမေဆိုပြီး ရိုက်တာ ခင်သန်းနုကို၊ အဲဒီတုန်းက half-naked ပေါ့လေ။ ဂါဝန်လိုလို ဘာလိုလို အောက်က ကြက်ခြေလေးနဲ့ လုပ်ထားတာ အဲဒီအဝတ်လေးနဲ့။

 

ကြည်စိုးထွန်း။ ။ အဲဒါကြောင့် ဦးလေးကို ကျွန်တော်ပြောတာ၊ စိတ်ကူးသိပ်ကောင်းပါတယ်ဆိုနေမှ။

အေဝမ်းကြည်အေး။ ။ဟားဟားဟားဟား။

 

ကြည်စိုးထွန်း။ ။ ခုနက မစံတုန်းကလည်းဦးလေး အဲဒီလိုပဲ။

အေဝမ်းကြည်အေး။ ။ အဲဒီလိုပဲလုပ်တယ်။ ဟုတ်တယ်။

 

ကြည်စိုးထွန်း။ ။ အခု ခင်သန်းနုကိုလည်း။

အေဝမ်းကြည်အေး။ ။ အဲဒီလိုပဲ လုပ်ပေးတယ်။ လုပ်တော့ အဲဒီအချိန်က ကိုဘမိုးကလည်း ပရိုဂျူဆာ ထပ်ရှာတယ်။ ရှာတော့ မာဃဖလင် ဦးချစ်ဆွေ ရေကျော်မှာနေတာ တည့်သွားရော သူတို့။ တည့်သွားတော့ သူက အဲဒီကားကို မောင်မောင် တာက ဆရာရွှေဒုံးရိုက်တဲ့ ဒေါက်တာ အောင်ကျော်ဦး ပြီးခါစ။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

အေဝမ်းကြည်အေး။ ။ နာမည် သိပ်ကြီးနေတဲ့အချိန် မောင်မောင်တာကို နှစ်သောင်းပေးပြီးတော့ ရိုက်တာ၊ နှစ်သောင်းမှ လက်ငင်းကိုပေးပြီး ရိုက်တာ။ အဲဒီအချိန်မှာ ကျွန်တော်က ဘယ်သူနဲ့ သွားတွေ့လဲဆိုတော့ ကိုဝင်းဦးနဲ့ သွားတွေ့တယ်။

 

ကြည်စိုးထွန်း။ ။ ဪ ကဲ။

အေဝမ်းကြည်အေး။ ။ ဟာ ဆရာ့ဆီက ကြားခဲ့တယ်တဲ့။

 

ကြည်စိုးထွန်း။ ။ ဆရာ ရွှေဒုံးဆီက။

အေဝမ်းကြည်အေး။ ။ အဲဒီဝတ္ထုလေး ကျွန်တော်သိပ်ကြိုက်လို့ဗျာတဲ့။ ခင်ဗျား ဘယ်တော့ရိုက်မလဲ ကျွန်တော့်ကို ရိုက်တဲ့၊ ရှစ်ထောင်ပဲပေးတဲ့။ ကျွန်တော်က သိပ်ကြိုက်သွားတာပေါ့။ သူက နှစ်ယောက် တည်းနေချင်တယ် ပြီးသွားပြီ။

ကြည်စိုးထွန်း။ ။ နာမည်ကလည်းရနေပြီ။

 

အေဝမ်းကြည်အေး။ ။ သိပ်ကြိုက်သွားပြီ။ကျွန်တော်က လုပ်မယ်ဆိုတော့ ဟိုကလွန်သွားပြီ။

ကြည်စိုးထွန်း။ ။ ဪ ငှားပြီးသွားပြီ မောင်မောင်တာ။

 

အေဝမ်းကြည်အေး။ ။ အဲဒီကနေ အဏ္ဏဝါမေကို ကမန်းကတမ်း စီစဉ်ရတာပေါ့။ မောင်မောင်တာနဲ့ ခင်သန်းနုနဲ့။ ကျွန်တော်တို့ အခုပန်းဆိုးတန်း ထိပ်တန်းမြသီတာ ဟိုဘက်မှာ စက်လှေကြီး၊ တစ်ခါတည်း စက်လှေက ကိုလေးမြိုင်ဆိုတာက သူက DSI မှာ အရာရှိကြီး သူလွှတ်လိုက်တဲ့ စက်လှေ။

 

ကြည်စိုးထွန်း။ ။ အဲဒီစက်လှေကြီးနဲ့သွားရော။

အေဝမ်းကြည်အေး။ ။ အဲဒီစက်လှေပေါ်မှာ ကန်တော့ပွဲပေးတာ။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား။

အေဝမ်းကြည်အေး။ ။ အဲဒီမှာ ကျွေးမွေးကန်တော့ပွဲပေးပြီးတော့ ကန်တော့ပွဲလည်းပြီးရော တစ်ခါတည်း သွားကြရော။

 

ကြည်စိုးထွန်း။ ။ မင်းသား မင်းသမီးတွေရော အကုန်ပါလား။

အေဝမ်းကြည်အေး။ ။ အကုန်ပါတယ်၊ ဇီးဖြူတောင်ကိုသွားတာ။ အဆင်တို့၊ ဇီးဖြူတောင်တို့ အဲဒီကနေမှ တစ်ဆင့် တစ်ခါ မြိတ်၊ အောက်ဒိုးတွေ။

 

ကြည်စိုးထွန်း။ ။ အဲဒါလေ ကျွန်တော် ဝတ္ထုတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ် ဦးလေးရဲ့။ ဝတ္ထုထဲမှာ ဘယ်လို ရေးလဲဆိုတော့ အဲဒီမြိတ်ကို ရောက်တဲ့အခါ ကျတော့ ခင်သန်းနု ပါတယ်တဲ့။ ခင်သန်းနု ပါတော့ ခင်သန်းနုနေရာမှာ ဒိုင်ဗင်ထိုးပေးရ လား ဘာလား မသိဘူး ဦးလေးရယ်။ အဲဒီလို ခင်သန်းနုနေရာမှာ ကိုယ်စား သရုပ်ဆောင် တာ တစ်ယောက်ရှိတယ်ထင်တယ်။ အဲဒီမှာ သူတို့ခင်သန်းနုဆိုပြီးတော့ ဆလုံ ဆလုံ အဲဒီလိုလေး ကျွန်တော်ဖတ်ဖူးတယ်။ နောက်ကျတော့ အဲဒီဝတ္ထုရဲ့နောက်ပိုင်းမှာ ဆက်ရေးတဲ့အခါကျတော့ ဒီနေရာမှာ ဆလုံ လိုနေရာမျိုးမှာ ခင်သန်းနုဆိုတဲ့ နာမည်မျိုး ရောက်သွားလို့ ကျွန်တော် အံ့ဩနေတာ၊ အဲဒါဦးလေး လက်ချက်ပေါ့။

 

အေဝမ်းကြည်အေး။ ။ ဟုတ်ပါတယ်၊ ဟား ဟား ဟား ဟား။

ကြည်စိုးထွန်း။ ။ ဒါပေမဲ့ ဦးလေးအရင် ခုနက ဒေါက်တာအောင်ကျော်ဦးတုန်းကလည်း ဆရာရွှေဒုံးက မြိတ်ဘက် ရိုက်ဖူးသေးတယ်နော်။ ဦးလေးကတော့ ဒီမှာတော့ ဆလုံသဘောမျိုးလေးတွေ ပါလာတာပေါ့နော်။ ဒါလည်း ထူးဆန်းတာပဲနော်။ အဏ္ဏဝါမေ အဲဒါခင်သန်းနုရဲ့။

အေဝမ်းကြည်အေး။ ။ First Picture

 

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့ကအဲဒါလေးလည်း အမှတ်ကလေးက ပြန်ပြီးတော့ စစ်ဆေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ခင်သန်းနုဟာ ချစ်သောသူတစ်ယောက်က စတာလား။ သို့မဟုတ် တင့်လှပေဟန်က စတာလားလို့ ကျွန်တော်တို့က ထင်နေတာ။ သူ အဏ္ဏဝါမေက စတာ။ ဦးလေးက ဒါကြောင့် မို့ ကျွန်တော်ပြောတာ မင်းသမီးအသစ်တွေနဲ့ချည်းပဲ ဦးလေးက။

 

အေဝမ်းကြည်အေး။ ။ ဟားဟားဟား။

ကြည်စိုးထွန်း။ ။ ပထမဆုံးကားက။

 

အေဝမ်းကြည်အေး။ ။ ‘ချစ်စေတနာ’။

ကြည်စိုးထွန်း။ ။ မေနန်းနွယ်၊နောက်တစ်ခါကျ တော့ မေမြင့်ရီ၊ နောက်တစ်ခါကျတော့ ခင်သန်းနု၊ ဒါရိုက်တာဖေအောင် ခင်သန်းနုပဲ။ ထွန်းဝေကြီးနဲ့ ခင်သန်းနုနဲ့နော်။

 

ကြည်စိုးထွန်း။ ။ နောက်တစ်ခါ စောမြတ်မွန်။

အေဝမ်းကြည်အေး။ ။ စောမြတ်မွန်က မဝင်းမြင့် ဝတ္ထု၊ ရာဇဝင်တစ်ဝက် ခေတ်တစ်ဝက်။

 

ကြည်စိုးထွန်း။ ။ ကိုဝင်းညွန့်ရယ်၊ခင်မောင်ဇင်ရယ်၊ ခင်သန်းနုရယ်၊ ဪ ခင်သန်းနုနဲ့ တော်တော်များတယ်နော်။

အေဝမ်းကြည်အေး။ ။ ခြောက် ကားလောက်ကို ဆက် ရိုက်တယ် ကျွန်တော်။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား။ ‘ပြုံးအလှ ပိုင်ရှင်’ ခင်သန်းနုပဲ။ အဲဒီထဲမှာ ဝင်းညွန့်၊ ကြည်စိုး။

ကြည်စိုးထွန်း။ ။ နောက်တစ်ခါကျတော့ ‘ညငှက် လေလား မိုးမှောင်လား’။

အေဝမ်းကြည်အေး။ ။ အဲဒီ ကားလေးရတယ် ပိုက်ဆံ။

ကြည်စိုးထွန်း။ ။ ရတယ် ဒါပေမဲ့နာမည်က တခြားနာမည်နဲ့ တင်ရတယ်နော်။

 

အေဝမ်းကြည်အေး။ ။ ညငှက်လေလားမိုးမှောင်လားက ကျွန်တော် ဆင်ဆာတင်လိုက်တော့ ကျွန်တော့်ကို ဆင်ဆာက ဘယ်သူက Ban လုပ်လဲဆိုတော့၊ အရင် ကျွန်တော်နဲ့အတူတူ လုပ်ဖက်စာရေးဆရာ ဦးကိုကို။ ‘ပိတောက် တွေ ပွင့်ပြန်ပေါ့’ စာရေးဆရာ။

 

ကြည်စိုးထွန်း။ ။ ‘ခရုအိမ်’ တို့ ဘာတို့ရေးတဲ့ကိုကိုပေါ့။

အေဝမ်းကြည်အေး။ ။ ဟုတ်တယ်။ တော်တယ်။ တော်တာတော့ တော်တယ်။ ဒါပေမဲ့ ဇာတ်ညွှန်းရေး တာက ကျွန်တော်နဲ့တွေ့ပြီးမှ သူစရေးတတ် တာ။ ကင်မရာတွေက ဘယ်လိုဘာညာနဲ့ သိပ်ခင်ခဲ့တာ၊ ဘယ်လိုက ဘယ်လို ပြောင်းလဲ သွားလဲ မသိဘူး။ အဲဒါသူက စာတင်လိုက် တော့ ကျွန်တော့်ကားကို Ban ပိတ်ပစ်ဖို့ကို လုပ်တာ။ အဲဒီမှာ ဦးတင်ထွန်း ဗိုလ်မှူးကြီး တင်ထွန်းက ဟာဗျာ ကားကြီးက ကောင်း တယ်တဲ့၊ ပိတ်တာတွေ ဘာတွေ မလုပ်နဲ့ ဗျာတဲ့ ဘုတ်အဖွဲ့ကို နာမည်ပြောင်းလိုက် ပါတဲ့။ အဲဒီမှာ မြစိမ်းရောင်နဲ့ စောကေသီဆိုပြီး ပြောင်းလိုက်တာ။

 

ကြည်စိုးထွန်း။ ။ ပထမတော့ ညငှက်လေလား မိုးမှောင် လားဆိုတဲ့ နာမည်နဲ့ ရိုက်နေရာကနေပြီး တော့ ဆင်ဆာလည်း တင်လိုက်ရော။ ဆင်ဆာကနေပြီးတော့ Ban လုပ်ပစ်လိုက်တာ သို့သော်လည်း တာဝန်ခံကနေပြီးတော့ ကားလေးကကောင်းပါတယ်။ နာမည်ပဲ ပြောင်းဆိုတော့‘မြစိမ်းရောင်နဲ့ စောကေ သီ’ဆိုပြီးတော့၊ အဲဒီတော့ ကံကောင်းသွား တာပေါ့ ဦးလေးနော်။

 

အေဝမ်းကြည်အေး။ ။ ဟာသိပ်ကံကောင်းသွားတာ။

ကြည်စိုးထွန်း။ ။ အဲဒီဟာက ဇော်ခင်နဲ့ ခင်သန်းနုနဲ့၊ အဲဒါလေးလည်း ကောင်းပါတယ်။ အဲဒီတော့ ဘာတွေများ ကျန်ဦးမလဲဦးလေးနဲ့ ကျွန်တော်နဲ့ ပြောလိုက်တာ။ ရုပ်ရှင်ကတော့ ကုန်သလောက် ဖြစ်သွားပြီထင်တယ်။ ထူးလည်းထူးခြား တယ်နော်။ ဦးလေးကားတွေက အင်မတန် ထူးခြားပါတယ်။ နောက်တစ်ခုက တစ်ခါ မင်းသမီးတွေက ပိုထူးခြားတယ်နော်။ ခုနက အဝတ်အစားလေးတွေ။

 

အေဝမ်းကြည်အေး။ ။ ကျွန်တော်ကတော့ထူးခြားတယ် မထင်ဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်လား။

 

အေဝမ်းကြည်အေး။ ။ ဟားဟားဟား။

ကြည်စိုးထွန်း။ ။ စိတ်ကူး ကောင်းတာပေါ့နော်။ ဒီဘက် ဗီဒီယိုခေတ်ရောက်တော့လည်း ဦးလေးက ရုပ်ရှင်ရိုက်တာပဲ။

 

အေဝမ်းကြည်အေး။ ။ ဗီဒီယိုခေတ်မှာ ကျွန်တော်ကကြောင် ကမ္ဘာခင်ဆိုင်၊ ကိုခင်ဆိုင်က ကျွန်တော့်ကို ကားတစ်ကား ရိုက်ပေးပါဆိုတော့ ဆရာကြိုက် တဲ့ ကားတစ်ကား ရိုက်ပါဆိုတော့ ကျွန်တော်က ဘယ်သူ့သွားတွေ့လဲဆိုတော့ ကျွန်တော့်တပည့် တီးဝိုင်းထဲမှာ သီချင်းဆိုနေတဲ့ကောင် လေးရဲ့သား၊ သူ့သား ရန်ကျော်လေးကို သဘော ကျသွားတယ်။ ရန်ကျော်လေးကို ဘာလို့သဘောကျလဲဆိုတော့ ဒီကောင်လေး ဘာလို့ထိုးပြီး ကျသွားလဲမသိဘူး။

 

ကြည်စိုးထွန်း။ ။ ရုပ်လည်းလှတယ်၊ ဒေါင်ကောင်းကောင်းနဲ့။

အေဝမ်းကြည်အေး။ ။ ဘာရိုက်မလဲဆိုတော့ ကိုခင်ဆိုင် ကျွန်တော် အဇာတသတ် ရိုက်မယ်ဗျာလို့။ ဟာ ဆရာတဲ့ ကျတဲ့မင်းသား ဆရာက အဇာတသတ် ရိုက်မယ်ဆိုတော့ လူတွေမုန်းသွားမှာပေါ့တဲ့။

 

ကြည်စိုးထွန်း။ ။ ပိုဆိုးမယ်ပေါ့။

အေဝမ်းကြည်အေး။ ။ ကြည့်လေဗျာလို့။ကျုပ်ဖမ်းကွက်တွေ ရှိပါတယ်လို့။ ကျုပ် နောက်ဆုံးနှစ်ခန်းပဲ ဖမ်းတယ်။ အမေကို မေးတာရယ်၊ အဖေသေ ပြီးတော့မှ နောင်တရတာရယ်။ နောက်ပြီးတော့ Music နဲ့ပတ်သက်ပြီးတော့ ဘုရားသီချင်းကို သေချာလုပ်ထည့်ပေးလိုက်တယ်။ အဲဒီမှာ ထပေါက်တာသူ၊ ရသွားတယ်။ အဲဒါရယ် နောက် အခု ဆရာ့ကို ကျွန်တော်ပေးတဲ့ ဒိုင်းခင်ခင်။

 

ကြည်စိုးထွန်း။ ။ ဪ ဒိုင်းခင်ခင်၊ ဪ သီပေါခေတ်က မောင်ဖေငယ်နဲ့။

အေဝမ်းကြည်အေး။ ။ မှန်နန်းပေါ့။ အဲဒါ ကျွန်တော့် ဆရာ ဦးတင်မောင်က အဲဒီဒိုင်းခင်ခင်ကို သိပ်ရိုက် ချင်တာ။ မရိုက်သွားရဘူး။

 

ကြည်စိုးထွန်း။ ။ ဪ အဲဒီတော့ဆရာ မရိုက်ရတဲ့ဟာကို ငါရိုက်မယ် ဆိုပြီးတော့။

အေဝမ်းကြည်အေး။ ။ ကျွန်တော် သူပြောပြောနေတာ ကြားနေတာ ဆရာ့နား အမြဲနေရတာကိုး။ အဲဒါလည်း စိတ်ကြိုက်ရိုက်တယ် ကျွန်တော်။ တက္ကသိုလ်စိန်တင်ဆီက စိမ့်(ပညာရေး) သူ့မိန်းမ။

 

ကြည်စိုးထွန်း။ ။ သဘော ကောင်းတယ်၊ လင်မယား နှစ်ယောက်စလုံး၊ ကျွန်တော့်မွေးနေ့တိုင်း အမြဲလာတယ်။

အေဝမ်းကြည်အေး။ ။ အဲဒါ ရိုက်တယ်ဒိုင်းခင်ခင်။

 

ကြည်စိုးထွန်း။ ။ ဪ ဒါကတော့ တက္ကသိုလ်စိန်တင်ရဲ့ဇနီး စိမ့်(ပညာရေး) ဆီကရတဲ့ ဝတ္ထုလေးကို။

အေဝမ်းကြည်အေး။ ။ နောက် ဇမ္ဗူအေးရုပ်ရှင်မှာ ကျွန်တော် ကျော်ဟိန်းနဲ့ ရိုက်တယ်။

 

ကြည်စိုးထွန်း။ ။ ပြောပါဦး ဦးလေးရဲ့။

အေဝမ်းကြည်အေး။ ။ ကျော်ဟိန်းရယ်၊ စန္ဒာရယ် နောက်ပြီးတော့ ချစ်စံပယ်ရယ်၊ နောက်ပြီးတော့ မောင်ယဉ် ထွေးရယ်။

 

ကြည်စိုးထွန်း။ ။ ထူးထူး ခြားခြားတော်တော်ကို စွန့်စွန့်စားစားရိုက်ထားတဲ့ ကားပါ။

အေဝမ်းကြည်အေး။ ။ ကျွန်တော် အဲဒီကအဆန်းဘာထွင်လဲ ဆိုတော့ အဲဒီတုန်းက စတန့်တွေ ပျောက်နေ တဲ့ခေတ်မှာ ကျွန်တော်ကွမ်လောက် ဟိုတယ်ပေါ်ကနေပြီးတော့ ကျော်ဟိန်းအစားထိုး။ နောက် ပေ ၆၀ လောက်မြင့်တဲ့ တိုက်နှစ်တိုက်ကြားကို ထုံးသုတ်တဲ့ ဝါးလှေကားကြီးနဲ့ ဟိုဘက်ဒီဘက်ကိုကူး အဲဒါတွေရိုက်ခဲ့တာ။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။ ကား နာမည်လေး မှတ်မိသေးလား။

အေဝမ်းကြည်အေး။ ။ ရာသက်ပန်မေတ္တာ။

 

ကြည်စိုးထွန်း။ ။ ဪ ရာသက်ပန်မေတ္တာ။ ဦးလေးသတိရလို့သာနော်။ ကျွန်တော်က အသက်ကြီးတော့ သိပ်သတိမရတော့ဘူး။ ဦးလေးကမှ သတိရသေးတယ်။

 

အေဝမ်းကြည်အေး။ ။ ကျွန်တော်က ငယ်ပါသေးတယ်။ ဟားဟားဟားဟား။

ကြည်စိုးထွန်း။ ။ ဟုတ်တယ် အဲဒီကားက ကျွန်တော်က ဘာလို့တုန်းဆိုတော့ အဲဒီရဲ့ သတင်းလေးတွေ တွေ့ဖူးတာပေါ့။ သတင်းလေးတွေ တွေ့ဖူးတာ။ ကျွန်တော်ထည့်ပေးမယ် ဦးလေး။ ကျော်ဟိန်း မင်းသားဖြစ်ခါစ။

 

အေဝမ်းကြည်အေး။ ။ ဟုတ်တယ် အဲဒီကားက တော်တော်ရသွား တယ် အဲဒီကားလည်း။

ကြည်စိုးထွန်း။ ။ မင်းသား ဖြစ်ခါစဆိုတော့ နည်းနည်း ပြောလို့ဆိုလို့ ကောင်းသေးတာပေါ့ ဟားဟား ဟားဟား။ ဒါကသဘာဝကိုး ဦးလေးရဲ့။ ကောင်းပါတယ် ဦးလေးရယ်။ ဦးလေးနဲ့ စကား ပြောရတာ ကျွန်တော် တော်တော်လည်း ပျော်ပါတယ်။ နောက် မသိတာတွေလည်း သိရတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါ တယ်။ နောက်ပြီးတော့ ဗဟုသုတတွေလည်း အများကြီးရတယ်။ နောက် ကျွန်တော် ကြည်ညိုတဲ့အသိုက်အဝန်းမှာ နေလာရတာ ဆိုတော့ အဲဒီရဲ့အကြောင်းတွေ ကြားရတာလည်း ကျွန်တော့်မှာ အများကြီး ကုသိုလ်ရပါတယ်။ အသက် ၈၄ နှစ်သာရောက်နေပေမယ့် ၄၈ နှစ်အရွယ်လောက် တစ်ခါတည်းကို ပျော် ပျော်ရွှင်ရွှင်နဲ့ ပြောသွားတဲ့ ဦးလေးကိုလည်း။

 

အေဝမ်းကြည်အေး။ ။ ကျွန်တော်က ၄၈ နှစ်တောင် ကျွန်တော့်ကိုယ်ကျွန်တော် မထင်ဘူး။

ကြည်စိုးထွန်း။ ။ ပြောပါဦး ဦးလေးရဲ့။

 

အေဝမ်းကြည်အေး။ ။ အစိတ်လောက်ပဲထင်တယ်။

ကြည်စိုးထွန်း။ ။ ဟားဟားဟားဟားဖြစ်လောက်တယ်။ ကျွန်တော်က ကြားကြားနေတာ ဦးလေးကတဲ့ မြောက်ဒဂုံသာ ရောက်လာတာတဲ့။ မြို့ထဲ လည်း ရောက်ရောက်လာတယ်တဲ့။ တစ်ခါကျ တော့ သမန်းကျားကိုမြင့်တို့ကလည်း ပြော တယ်။ ဟာ ရောက်ရောက်လာတယ်ဗျ ဦးလေးကလည်း အသက်သာကြီးတာတဲ့။ ဝမ်းသာပါတယ် ဦးလေးရယ်။

 

အေဝမ်းကြည်အေး။ ။ ကျွန်တော့် သားတွေ တူတွေလိုပဲ။ သူတို့ကလည်း အစ်မကြီး မခင်လဲ့ကအစ ကျွန်တော့်ကို သွေးသားအရင်းလိုပဲ။

ကြည်စိုးထွန်း။ ။ မှန်တာပေါ့။ အေဝမ်းအုပ်စုတွေကိုး။ အေဝမ်းမိသားစုတွေကိုး၊ ဟုတ်ကဲ့ ဟုတ်ကဲ့။ ဝမ်းသာပါတယ် ဦးလေး ဘာများ ဒီပရိသတ်ကို ပြောစရာ သို့မဟုတ် ဒီမျိုးဆက်သစ်တွေကို ပြောစရာများ။

 

အေဝမ်းကြည်အေး။ ။ ဪ ကျွန်တော် ပထမပိုင်းက ပြော သွားသလိုပဲ ကနေ့ Music သမားတွေထဲမှာ ဗမာဂီတာကို သေချာတီးကြပါ။ ဗမာဂီတာဟာ ကျွန်တော်စောစောက တင်ပြသွားသလိုပဲ သိပ်အရသာရှိတာပဲ။

 

ကြည်စိုးထွန်း။ ။ မှန်တာပေါ့ ဦးလေးရယ်။ ကျွန်တော်တို့ လည်း ကိုစောငြိမ်းတို့သီချင်းတွေ နားထောင် ရရင် သိပ်ကောင်းတာပဲ။

အေဝမ်းကြည်အေး။ ။ အဲဒါတစ်ခုရယ်။နောက်ပြီးတော့ ရှေး ဆရာကြီးတွေ ရိုက်သွားတဲ့ ရိုက်ချက် တွေဟာ မမေ့ကြဖို့ ပြန်လေ့လာပါ။ ပြန်စုပါ။ အလကားလုပ်သွားတာ တစ်ခုမှမပါဘူး။ အဲဒါပဲ အနုပညာပိုင်းကနေပြီး ရုပ်ရှင်နဲ့ ဂီတကို၊ အဲဒါပဲ ကျွန်တော်က နောက်မျိုးဆက်သစ်တွေ ဆက်လက်ကြိုးစားပေးပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆရာနဲ့ ဒီတစ်ဖွဲ့လုံးကိုလည်း ကျွန်တော့်ကို မှတ်တမ်းတစ်ခု လုပ်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ပါ ဦးလေးရဲ့။ ကျွန်တော်တို့ က လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ဦးလေးတို့အသက် အရွယ်တွေ ဦးလေးတို့အတွေ့အကြုံတွေကို ကျွန်တော်တို့က ဒါဂုဏ်ပြုတဲ့အနေနဲ့ ကန်တော့တဲ့ အနေနဲ့ လုပ်ပေးရတာပါ။ မှတ်တမ်းတွေ ကျန်သင့်ပါတယ် ဦးလေးရဲ့ နော်။ နောက်ပြီးတော့ အချုပ်ဆိုရရင် ဦးလေးဟာ ဂီတနဲ့ပတ်သက်လာရင် ဂီတနယ်ပယ်မှာ ဂီတာကိုတော့ မမေ့ကြပါနဲ့။ ဂီတာဟာ စောစောက ဦးလေးပြောသလိုပေါ့။ အပျော့လည်းရ၊ အမာလည်းရ အခံလည်းရ အဲဒီလို ပစ္စည်းမျိုးဖြစ်တဲ့အတွက် ဒါကိုလည်း ပြန်ဖော်ထုတ်ကြပါ။ ကျွန်တော်တို့ဆိုလည်း တကယ်ပါ၊ ကျွန်တော်တို့ အသက်အရွယ်အရ ပြောရမလားတော့ မဆိုနိုင်ဘူး။ ခုနက ကိုစောငြိမ်းသီချင်းတွေ ကြားရတယ်ဆိုရင် ဒီဂီတာကြီးနဲ့ဖွဲ့နွဲ့သွားတာဟာ အင်မတန်ကို ရင်ထဲကို ရောက်ပါတယ်။ အဲဒီတော့ ဦးလေးပြောသလိုပေါ့။ ဂီတာကိုလည်း မမေ့ကြပါနဲ့။ နောက်နောင် မျိုးဆက်သစ် ရုပ်ရှင်သမားတွေ အနေနဲ့ကလည်း ရှေးကဆရာ့ဆရာကြီးတွေရဲ့ လက်ရာကို အလေးထားပြီး ကြည့်ရှုပေးပါ။ ကောင်းပါတယ် ဦးလေးရယ်။ အဲဒီအဆုံးအမက သူတို့ကို ပြောသလို ကျွန်တော့်ကိုလည်း ပြောသလိုပဲ ခံယူပါတယ်။ ကျွန်တော်လည်း ဒါကိုတော့ လေးစားပါတယ်။ ကျေးဇူးတင်ပါတယ် ဦးလေးရယ်။ တကယ်ကျေးဇူးတင်ပါတယ်။

 

အေဝမ်းကြည်အေး။ ။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။