မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ပြသခဲ့သော ဇာတ်ကားများအား စတင်စိစစ်

ရန်ကုန် ၁၀  ဒီဇင်ဘာ 

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) စိစစ်အကဲဖြတ်ရေးအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကားများအား မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်နိုင်ရေးအတွက် ယနေ့မှစ၍ စိစစ်အကဲဖြတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။ 

 

အဆိုပါဇာတ်ကားများအား အဆင့်ဆင့်အကဲဖြတ် အမှတ်ပေးပုံအကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက “အဲဒီအထဲမှာ အကယ်ဒမီရနိုင်တဲ့ကားဆိုရင် ဝမ်းပေါ့။ တစ်ဆုဆု ရနိုင် တယ် ဝမ်းပေါ့။ တစ်ဆုဆုမှ မရနိုင်ဘူးဆိုရင် ဇီးရိုးပေါ့။ အဲဒီလို သွားမှာပေါ့။ ပြီးလို့ရှိရင် ဒီအမှတ်တွေ ရေပြီး တော့ ပြန်ရွေးမှာပေါ့။ အဲဒီမှာ အကြမ်းဖျင်း ဆန်ကာတင်ကား ထွက်လာမယ်။ ဒါပေမယ့် ဥပမာအနေနဲ့ ဇာတ်ညွှန်းအဖွဲ့က ဆန်ကာတင်ကားထဲမပါဘူး။ ပြန်ကြည့်ချင်တယ်လို့ အဖွဲ့လိုက်တောင်းဆိုလို့ရှိရင် ပြန်ပြမယ်ပေါ့” ဟု ပြောကြားသည်။ 

 

၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကားပေါင်း ၈၃ ကားရှိကြောင်း သိရသည်။ ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒါရိုက်တာ ဦးကြည်စိုးထွန်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒါရိုက်တာပန်းချီစိုးမိုးက ဆောင်ရွက်၍ အဖွဲ့ဝင် ၄၀ ပါဝင်ကြောင်း သိရသည်။

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့အနေဖြင့် တစ်ရက်လျှ င် ဇာတ်ကားနှစ်ကားနှုန်း ကြည့်ရှုအကဲ ဖြတ်လျက်ရှိကြောင်း သိရသည်။ ဇကာတင်ဇာတ်ကားများအား အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုပြီးနောက် ၂၀၁၉ ခုနှစ် မတ်လအတွင်း အကယ်ဒမီဆုချီးမြှင့်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး