မြန်မာသဒ္ဒါသင်ကြားရေး (၄၁)

မောင်ခင်မင် (ဓနုဖြူ)

 

''ကဲ...ဝါစင်္ဂအကြောင်းပြီးတော့ ဝါကျအကြောင်း ဆက်ရအောင်''

 

''ဟုတ်ကဲ့ဆရာ''

 

''ဝါကျအကြောင်းမှာ ဝါကျရိုးဖွဲ့နည်းအမျိုးမျိုးဆိုပြီး ပြထားတာ ညည်းတို့ သင်နေတဲ့ သဒ္ဒါစာအုပ်မှာ တွေ့တယ် မဟုတ်လား''

 

''သြော်...သတိရလို့ပါဆရာ၊ အဲဒီဝါကျရိုးဖွဲ့နည်းတွေထဲမှာ ရှေးရှုရာပြပုဒ်နဲ့ ဆိုက်ရောက်ရာပြပုဒ် ဘယ်လိုကွဲပြားသလဲလို့ ကျောင်းသားတွေက မကြာခဏ မေးတတ်ကြပါတယ်၊ ကျွန်မတို့လည်း ရှင်းတော့ပြပါတယ်၊ ဒါပေမယ့် ကျွန်မ ကိုယ်တိုင် သိပ်မသဲကွဲလို့ပါဆရာ''

 

''ဟေ...ဟုတ်လား၊ ဘယ်လိုမသဲကွဲတာပါလိမ့်''

 

'' 'မောင်မောင်အိမ်သို့ပြန်လာသည်' ဆိုတဲ့ ဝါကျမှာ 'အိမ်သို့' ဆိုတဲ့ပုဒ်ဟာ မောင်မောင်ရှေးရှုဦးတည်ပြီးသွားတဲ့ နေရာမို့ ရှေးရှုရာပြပုဒ်လို့ ခေါ်တယ်မဟုတ်လား ဆရာ''

 

''ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ''

 

'' 'မောင်မောင်အိမ်သို့ ရောက်လာသည်' လို့ဆိုရင်တော့ ဆိုက်ရောက်ရာပြပုဒ် ဖြစ်သွားပြန်ရော''

 

''ဒီတော့...''

 

''ဒီတော့ ကျွန်မ မရှင်းတာက သုံးတဲ့ကြိယာကိုလိုက်ပြီး ရှေးရှုရာပြပုဒ်ဖြစ်လိုက်၊ ဆိုက်ရောက်ရာပြပုဒ်ဖြစ်လိုက် ဖြစ်နေ သလိုပဲဆရာ၊ တကယ်တော့ 'အိမ်သို့' ဆိုတဲ့ ပုဒ်တစ်ခုတည်းပဲဟာ၊ သတ်သတ်မှတ်မှတ် တစ်မျိုးပဲ ဖြစ်သင့်တာပေါ့၊ ရှေးရှုရာ ပြဆိုရင်လည်း ရှေးရှုရာပြ၊ ဆိုက်ရောက်ရာပြဆိုရင်လည်း ဆိုက်ရောက်ရာပြပေါ့၊ အဲဒီလို ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက် ဖြစ်နေတာကို သိပ်နားမလည်ပါဘူးဆရာ''

 

''ဟုတ်ပြီ၊ ဟုတ်ပြီ၊ ညည်းဆိုလိုတာ နားလည်ပြီ၊ ပုဒ်တစ်ခုဟာ ကြိယာနဲ့တွဲတွဲ အဲဒီပုဒ်ပဲဖြစ်သင့်တာပေါ့၊ 'စာအုပ်ကို' ဆိုတဲ့ ကံပုဒ်ကို သာဓကပြရအောင်၊ 'စာအုပ်ကိုဖတ်သည်၊ စာအုပ်ကိုဝယ်သည်၊ စာအုပ်ကိုကြည့်သည်၊ စာအုပ်ကို ပေးသည်' ဆိုပြီး ဘာကြိယာနဲ့ပဲ တွဲတွဲ 'စာအုပ်ကို' ဆိုတဲ့ ပုဒ်က ကံပုဒ်ကလွဲပြီး တခြားပုဒ် ဖြစ်မသွားဘူးလေ၊ အဲဒီသဘော ပြောတာ မဟုတ်လား''

 

''ဟုတ်ပါတယ်ဆရာ၊ ဟုတ်ပါတယ်၊ အဲဒီသဘော ပြောတာပါ၊ ကျွန်မကရေလည်အောင် မရှင်းပြတတ်လို့ပါ''

 

''တကယ်တော့ အဲဒီအခေါ်အဝေါ်တွေက ဆရာကြီး ဦးဖေမောင်တင် စသုံးခဲ့တဲ့ အခေါ်အဝေါ်တွေပါ၊ ဆရာကြီးရဲ့ သဒ္ဒါစာအုပ်တွေမှာ အခြေခံဝါကျဖွဲ့နည်း ၁၁ နည်းဆိုပြီး ပြထားတယ်၊ ဆရာကြီးက လက်ခံပုဒ်ကို မူလတုန်းက ဆိုက်ရောက်ရာပုဒ်လို့ သုံးဖူးတယ်၊ 'မြန်မာသဒ္ဒါ' စာအုပ်မှာ 'ဆရာသည် စာအုပ်ကို မောင်မောင်အားပေး၏' ဆိုတဲ့ ဝါကျမျိုးကို သာဓကပြတယ်၊ အဲဒီဝါကျမှာ 'မောင်မောင်အား' ဆိုတဲ့ ပုဒ်ဟာ ကြိယာဆောင်ရွက်မှု ဆိုက်ရောက်ရာကိုပြတဲ့ပုဒ်မို့ ဆိုက်ရောက်ရာပုဒ်လို့ခေါ်တယ်-တဲ့၊ ကြိယာဆောင်ရွက်မှုကို လက်ခံသောပုဒ်လို့လည်း ခေါ်နိုင်တယ်-တဲ့၊ အဲဒီလိုရှင်းပြ ထားတယ်''

 

''ဒါဆိုရင် ဆရာကြီးက ဆိုက်ရောက်ရာပုဒ်နဲ့ လက်ခံပုဒ် အတူတူပဲလို့ ဆိုလိုတာပေါ့နော်''

 

''ဟုတ်တယ်၊ မြန်မာဝါကျဖွဲ့ထုံးကျမ်းမှာတော့ 'ဆိုက်ရောက်ရာပုဒ်' ဆိုတဲ့အခေါ်အဝေါ်ကို မသုံးတော့ဘူး၊ လက်ခံပုဒ်လို့ပဲ သုံးတော့တယ်၊ ဒီအခေါ်အဝေါ်က အခုတွင်ကျယ်နေပါပြီ''

 

''ဒီလိုဆိုရင် ကျွန်မတို့သင်နေတဲ့ မြန်မာသဒ္ဒါစာအုပ်မှာ ဆိုက်ရောက်ရာပုဒ်လို့ သုံးတာဟာ ဆရာကြီးဦးဖေမောင်တင် သုံးပုံနဲ့ မတူဘူးပေါ့နော်''

 

''ဟုတ်တယ်၊ တကယ်တော့ 'မောင်မောင် ကျောင်းသို့ သွားသည်' လို့ပဲ သုံးသုံး၊ 'မောင်မောင် ကျောင်းသို့ ရောက်သည်' လို့ပဲသုံးသုံး၊ 'မောင်မောင် ကျောင်းအထိ သွားသည်' လို့ပဲသုံးသုံး၊ ကျောင်းဟာ မောင်မောင်ရှေးရှုတဲ့ နေရာဖြစ်တဲ့အတွက်၊ တစ်နည်းပြောရရင်အဲဒီ 'သွား' တို့၊ 'ရောက်' တို့ဆိုတဲ့ကြိယာတွင် ရှေးရှုတဲ့နေရာဖြစ်တဲ့အတွက် ရှေးရှုရာပုဒ်လို့ တစ်မျိုးတည်းသုံးလို့ရပါတယ်''

 

''နားလည်ပါပြီဆရာ၊ ဒါထက် သဒ္ဒါစာအုပ်မှာ ဝါကျရိုး ဖွဲ့နည်း ၂ဝ တောင်ပြထားတယ်နော်''

 

''အင်း...အရင်းခံကတော့ ဆရာကြီးဦးဖေမောင်တင်ပြတဲ့ အခြေခံဝါကျဖွဲ့နည်း ၁၁ နည်းပါပဲ၊ အဲဒီအထဲက ပုဒ်တွေကို အမျိုးမျိုး ထပ်တွဲပြီးပြတော့ ဝါကျဖွဲ့နည်း ၂ဝ ဖြစ်သွားတာပေါ့၊ တကယ်တော့ ၂ဝ ထက်မက ပြချင်ရင် ပြလို့ရပါသေးတယ်၊ ၁၁ နည်းကိုသိရင် လုံလောက်ပါပြီ၊ အဲဒီ ၁၁ နည်းကို အခြေခံပြီး လိုအပ်သလိုပုဒ်တွေတွဲပြီး ဝါကျကိုချဲ့ယူတဲ့ သဘောပါပဲ''

 

''ဟုတ်ကဲ့ပါ၊ နားလည်ပါပြီဆရာ''

 

''ညည်းတို့သင်နေတဲ့ သဒ္ဒါစာအုပ်မှာ အခေါ်အဝေါ်တွေကို ဆရာကြီးဦးဖေမောင်တင်ဆီက ယူထားပေမယ့် မတူအောင် ကွန့်တာလားတော့ မသိဘူး၊ ဆရာကြီးက 'အဖြည့်ကတ္တား'၊ 'အဖြည့်ကံ' လို့ သုံးတာ အသားကျနေတာကို သဒ္ဒါစာအုပ်မှာ 'ကတ္တားအဖြည့်ပုဒ်'၊ 'ကံအဖြည့်ပုဒ်' လို့ သုံးလိုက်တော့ နားရှုပ်စရာဖြစ်တာပေါ့''

 

''ဟုတ်ကဲ့ပါ''

 

''အဖြည့်ကတ္တားဆိုတာ မူလကတ္တားအပြင် ထပ်ဖြည့်တဲ့ ကတ္တား၊ အဖြည့်ကံဆိုတာ မူလကံအပြင် ထပ်ဖြည့်တဲ့ကံပဲလေ၊ သူ့ဟာသူ အဓိပ္ပာယ်ရှင်းနေပြီးသားပါကွယ်၊ ကဲ... ထားပါ တော့''

 

''ဝါကျအမျိုးအစားခွဲပုံနဲ့ ပတ်သက်လို့ ကျွန်တော်တစ်ခု မေးချင်ပါတယ်ဆရာ''

 

''မေးလေ''

 

''မြန်မာဝါကျတွေကို အမျိုးအစားခွဲရင် ဝါကျရိုးနဲ့ ဝါကျရောဆိုပြီး နှစ်မျိုးရှိတယ်လို့ ဆိုတယ်မဟုတ်လားဆရာ၊ အင်္ဂလိပ်စကားမှာတော့ ဝါကျပေါင်းလည်းရှိတော့ ဝါကျသုံးမျိုးလို့ ပြပါတယ်၊ မြန်မာစကားမှာ ဘာဖြစ်လို့ နှစ်မျိုးတည်းဖြစ်နေ တာလဲဆရာ၊ ဝါကျပေါင်းဘာဖြစ်လို့ မပါတာလဲ''

 

''ဟုတ်ပါပြီ၊ ဒါလည်း ရှင်းရှင်းလင်းလင်း ရှိဖို့လိုတာပေါ့၊ အင်္ဂလိပ်သဒ္ဒါသင်ရတော့ အခုမင်းပြောသလိုပဲ Simple Sentence ဆိုတဲ့ ဝါကျရိုး၊ Complex Sentence ဆိုတဲ့ ဝါကျရော၊ Compound Sentence ဆိုတဲ့ ဝါကျပေါင်းဆိုပြီး သုံးမျိုးရှိတယ်လို့ သင်ရတယ် မဟုတ်လား''

 

''ဟုတ်ပါတယ်ဆရာ''

 

''အဲဒီဝါကျတွေ ဘယ်လိုသဘောလက္ခဏာရှိတယ်ဆိုတာ အချုပ်ပြောပြပါဦး''

 

''ဝါကျရိုးဆိုတာ ကြိယာပုဒ်တစ်ခုပဲပါတဲ့ ဝါကျပါဆရာ၊ အဲဒီဝါကျဟာ သူ့ဟာသူ ရပ်တည်နိုင်ပါတယ်၊ အဓိပ္ပာယ်ပြည့်စုံ ပါတယ်၊ 'ဆရာက တပည့်တွေကို စာသင်ပေးတယ်' ဆိုတဲ့ ဝါကျမျိုးပါ၊ 'စာသင်ပေး' ဆိုတဲ့ ကြိယာပုဒ် တစ်ခုပဲပါတယ်၊ 'ကလေးငိုတယ်'၊ 'ခွေးက ကြောင်ကို ကိုက်တယ်'၊ 'မနေ့က ဈေးထဲမှာ အမေက သူ့မိတ်ဆွေကို ပန်းဝယ်ပေးတယ်' ဆိုတဲ့ ဝါကျမျိုးတွေဟာလည်း ဝါကျရိုးတွေပါဆရာ''

 

''ဟုတ်ပါပြီ၊ ဝါကျရောကကော''

 

''ဝါကျရောဆိုတာ အနည်းဆုံး ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တဲ့ ဝါကျခွဲတစ်ခုနဲ့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့ ဝါကျခွဲ တစ်ခုပါဝင်တဲ့ ဝါကျပါ ဆရာ''

 

''သာဓက ပေးပါဦး''

 

'' 'မိုးရွာရင် ရေချိုးတယ်၊ ဆရာလာတော့ ကျွန်တော် အိမ်မှာ မရှိဘူး၊ နေပူတဲ့အတွက်ကြောင့် ပန်းတွေ နွမ်းကုန်ပြီ' ဆိုတဲ့ ဝါကျမျိုးတွေပါ''

 

''ဟုတ်ပါပြီ၊ 'မိုးရွာရင်၊ ဆရာလာတော့၊ နေပူတဲ့အတွက် ကြောင့်' ဆိုတဲ့ ဝါကျခွဲတွေက ကိုယ့်ဟာကိုယ် မရပ်တည်နိုင်ဘူး၊ 'ရေချိုးမယ်'၊ 'ကျွန်တော်အိမ်မှာ မရှိဘူး'၊ 'ပန်းတွေ နွမ်းကုန်ပြီ' ဆိုတဲ့ ဝါကျခွဲတွေက ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တယ်၊ ဝါကျရိုးတွေလည်း ဖြစ်တယ်၊ အဲဒီလို ဝါကျခွဲနှစ်ခု အနည်းဆုံးပါရင် ဝါကျရောပေါ့၊ ကဲ... ဝါကျပေါင်းကရော''

 

''ဝါကျပေါင်းဆိုတာ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့ ဝါကျခွဲနှစ်ခု၊ တစ်နည်းပြောရရင် ဝါကျရိုးနှစ်ခုကို သမ္ဗန္ဓလို့ခေါ်တဲ့ စကားဆက်ပစ္စည်း တစ်ခုခုနဲ့ ဆက်ထားတဲ့ဝါကျပါ''

 

''ဟုတ်ပါပြီ၊ အခုပြောနေတဲ့ အကြောင်းက မြန်မာမှာ ဝါကျပေါင်းဘာဖြစ်လို့ မရှိတာလဲဆိုတဲ့ အကြောင်းပဲ၊ အင်္ဂလိပ် စကားမှာတော့ ရှိတယ်၊ ဒီတော့ အင်္ဂလိပ် Compound Sentence တစ်ခုလောက် ပြောကြည့်ပါလား''

 

'' 'I like coffee but he likes tea ' ပါ ဆရာ''

 

''ဟုတ်ပြီ၊ I like coffee ဆိုတဲ့ ဝါကျရိုးနဲ့ he likes tea ဆိုတဲ့ ဝါကျရိုးကို အလယ်က but နဲ့ ဆက်ထားတော့ ဝါကျပေါင်းဖြစ်သွားတာပေါ့နော်''

 

''ဟုတ်ပါတယ် ဆရာ''

 

''ကဲ... အဲဒီအဓိပ္ပာယ်အတိုင်း မြန်မာဝါကျတစ်ခု ပြောကြည့်ပါ''

 

''ကျွန်တော်က ကော်ဖီကြိုက်တယ်၊ ဒါပေမယ့် သူက လက်ဖက်ရည်ကြိုက်တယ်''

 

''ဟုတ်ပြီ၊ အခုမင်းပြောလိုက်တာ ဝါကျတစ်ခုလား နှစ်ခုလား''

 

''ဟာ... ဝါကျနှစ်ခုဖြစ်နေပြီ ဆရာ''

 

''ဝါကျပေါင်းဆိုတာ ဝါကျနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းရမှာလား၊ ပေါင်းကြည့်စမ်းပါဦး''

 

''ကျွန်တော်က ကော်ဖီကြိုက်ပေမယ့် သူက လက်ဖက်ရည် ကြိုက်တယ်''

 

''ဟုတ်ပြီ၊ 'ကျွန်တော်က ကော်ဖီကြိုက်ပေမယ့်' ဆိုတာ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့ ဝါကျခွဲလား''

 

''ဟာ... မဟုတ်ပါဘူး ဆရာ၊ ဝါကျ မဆုံးသေးပါဘူး၊ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်ပါဘူး''

 

''အဲဒီလိုဆိုရင် အဲဒီဝါကျက ဝါကျရောလား၊ ဝါကျ ပေါင်းလား''

 

''ဝါကျရောပဲ ဖြစ်နေပါတယ် ဆရာ''

 

''ပြဿနာရဲ့ အဖြေက အဲဒါပါပဲ၊ အင်္ဂလိပ်ဝါကျဖွဲ့ပုံအရ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့ ဝါကျနှစ်ခုကို but တို့၊ and တို့ တစ်ခုခုနဲ့ ဆက်လိုက်ရင် ဝါကျပေါင်းတစ်ခု ဖြစ်တယ်၊ မြန်မာ ဝါကျကတော့ ဝါကျတစ်ခုတည်း ပေါင်းမသွားဘူး၊ သီးခြားဝါကျ နှစ်ခုကို 'ဒါပေမယ့် ' နဲ့ ဆက်ထားတာမို့ ဝါကျနှစ်ခုဟာ နှစ်ခုပဲ၊ ရှေ့က အစိတ်အပိုင်းကို 'ကော်ဖီကြိုက်ပေမယ့်' လို့ ဆုံးလိုက်ရင်လည်း 'ပေမယ့်' နဲ့ ဝါကျကို အဆုံးသတ်လို့ မရလို့ အဲဒီဝါကျခွဲဟာ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တဲ့ အစိတ်အပိုင်းပဲဖြစ်မှာပဲ၊ ဒါကြောင့် ရပ်တည်နိုင်တဲ့ နောက်ကအစိတ်အပိုင်းနဲ့ ဆက်လိုက်ရင် ဝါကျရောပဲဖြစ်တယ်၊ ဝါကျပေါင်း မဖြစ်ဘူး''

 

''တစ်မျိုးကတော့ မြန်မာမှာ ဝါကျပေါင်းရှိတယ်လို့ ယူဆတယ်၊ 'သူသေပြီလို့ ကျွန်တော်ကြားခဲ့တယ်' ဆိုတဲ့ ဝါကျမျိုးမှာ သီးခြားဝါကျ နှစ်ခုကို အလယ်က 'လို့' နဲ့ ဆက်ထား လို့ ဝါကျပေါင်းပဲလို့ ပြောတယ်''

 

''သြော်... ဟုတ်လား ဆရာ''

 

''စဉ်းစားကြည့်လေ၊ 'လို့' ဆိုတဲ့ပစ္စည်းက အင်္ဂလိပ် စကားက and တို့၊ but တို့လို သီးခြားရပ်တည်နိုင်တာမှ မဟုတ်တာ၊ 'လို့' ကို ရှေ့ကစကားနဲ့ တွဲကိုတွဲရမှာပဲ၊ ဒီတော့ 'သူသေပြီ' မှာ ဖြတ်လို့မရဘူး၊ 'သူသေပြီလို့' ဆိုပြီး သုံးလိုက် တာနဲ့ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တော့ဘူးလေ၊ 'သူသေပြီ ကြားခဲ့တယ်' လို့ သုံးရင်လည်း ဝါကျပေါင်းလို့ ထင်ရပေမယ့် 'လို့' ဆိုတဲ့ ပစ္စည်းကို မြှုပ်ထားတာပါ၊ ကဲ... နားကြရအောင်''။