စန်းနီလာဝင်း

 

မြန်မာ့ရုပ်ရှင်၏ မွန်မြတ်သော သမိုင်းအစဉ်အလာ မြန်မာ့ရုပ်ရှင်သည် စတင်ပေါ်ပေါက်လာခဲ့ချိန်မှစ၍ ဖြေဖျော်ရေးသက်သက်မဟုတ်ဘဲ ဖြတ်သန်းလာခဲ့ရသည့် ခေတ်၏အဆက်ဆက်တွင် တိုင်းချစ် ပြည်ချစ်စိတ် ထွန်းကားရေး၊ ပရိသတ်ပြည်သူများ အသိအမြင်ပညာနှင့် ဘဝသင်ခန်းစာကောင်းများ ရရှိရေး၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ထွန်းကားရေး၊ သရုပ်ပျက် ယဉ်ကျေးမှုများ တိုက်ဖျက်ရေးနှင့် ရသအနုပညာခံစား နိုင်ရေးတို့ကို ရှေးရှုပြီး တင်ဆက်ခဲ့ကြသည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့မြင်ကြရပါသည်။ မြန်မာ့ရုပ်ရှင် အနုပညာရှင်များသည် အမိမြန်မာနိုင်ငံတော်ကြီး ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလ အဆက်ဆက်တွင် အမျိုးသားရေး လုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျ စွန့်စားဆင်နွှဲခဲ့ကြသည်များမှာလည်း သမိုင်းမော်ကွန်းစိုက်ထူ နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အမျိုးသားရေးလုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျ စွန့်စားဆင်နွှဲခဲ့ကြသည်များမှာလည်း သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

mdn

 

ကမ္ဘာ့ရုပ်ရှင်နှင့် မြန်မာ့ရုပ်ရှင်လောကတွင် အဖြစ်အပျက် အကြောင်းအရာအလိုက် ဇာတ်အိမ် ဇာတ်ကွက်အလိုက်၊ ရသအလိုက်ခွဲခြားနိုင်သော ဇာတ်လမ်းအမျိုးအစားပေါင်း အကြမ်းအားဖြင့် ၁၅ မျိုးခန့်ရှိသည်ဟု ဆိုပါသည်။ ယင်းတို့မှာ -

 

(၁) အချစ်

(၂) လူမှုရေး

(၃) လှုပ်ရှားမှု

(၄) စုံထောက်

(၅) လျှို့ဝှက်သည်းဖို

(၆) ရယ်ရွှင်ဖွယ်

(၇) တေးသံစုံ

(၈) စစ်

(၉) ဘာသာရေး

(၁၀) ရာဇဝင်

(၁၁) အတ္ထုပ္ပတ္တိ

(၁၂) စွန့်စားခန်း

(၁၃) စိတ္တဗေဒ

(၁၄) သိပ္ပံ

(၁၅) ဘဝသရုပ်ဖော်တို့ ဖြစ်ကြပါသည်။

 

အမိမြန်မာပြည်သည် ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်အ င်္ဂလိပ်-မြန်မာစစ်ပွဲ၊ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ကာ အင်္ဂလိပ်နယ်ချဲ့၏ ကျူးကျော်စစ်ဖြင့် မတရားသိမ်းပိုက်ခံခဲ့ရရာ ပထမအကြိမ်၌ ရခိုင်နှင့်တနင်္သာရီဒေသ၊ ဒုတိယအကြိမ်၌ အောက်မြန်မာပြည်၊ တတိယအကြိမ်၌ အထက်မြန်မာပြည် အပါအဝင် တစ်နိုင်ငံလုံး သိမ်းပိုက်ခံခဲ့ကြရကာ သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည်။ ။

 

ပထမအကြိမ် အင်္ဂလိပ်နယ်ချဲ့၏ ကျူးကျော်စစ် ပြီးဆုံးချိန်မှာပင် ထိုစဉ်က အနောက်နိုင်ငံများ၌ ရုပ်ရှင်၏ ရှေ့ပြေးအခြေအနေများဖြစ်သော အရိပ်ပြပွဲများ၊ ကင်မရာများ၊ ဖလင်များကို စမ်းသပ်နေခဲ့ပြီဟု သိရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ၌ အနောက်နိုင်ငံများတွင် ရုပ်သေဓာတ်ပုံများကို ရိုက်ကူးပြီး တစ်ပုံချင်းစီကို အမြန်နှုန်းဖြင့်ကြည့်ပါက ရုပ်သေပုံများ လှုပ်ရှားရှင်သန်လာနေသည်ဟု စမ်းသပ်တွေ့ရှိခဲ့ရသည်။ တတိယအင်္ဂလိပ်မြန်မာစစ် အပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အချုပ်အခြာ အာဏာဆုံးရှုံးသွားချိန်တွင် အနောက်နိုင်ငံများ၌ “ရုပ်ရှင်အနုပညာ”တစ်ရပ် စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။

 

သူ့ကျွန်အဖြစ် နွံနစ်မခံလိုကြသော မြန်မာတိုင်းရင်းသားတို့သည် အင်္ဂလိပ်နယ်ချဲ့ ကို ရရာလက်နက်များဖြင့် တော်လှန်နေကြရသဖြင့် ရုပ်ရှင်နှင့်အလှမ်းဝေးနေခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်က အနောက်နိုင်ငံသားအများအပြားသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြပြီး စစ်ရေးအတွက် လည်းကောင်း၊ သာသနာပြုရန်အတွက်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအတွက် လည်းကောင်း လာရောက်ကြသကဲ့သို့ ထိုအထဲတွင် ဓာတ်ပုံပညာရှင်များ၊ ရုပ်ရှင်ပညာရှင်များပါ ပါဝင်ခဲ့ကြသည်။ ထိုပညာရှင်တို့သည် မြန်မာနိုင်ငံ၌ မြင်တွေ့ရသောစိတ်ဝင်စားဖွယ်ရာများထဲမှ ကောင်းနိုးရာရာများကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ကာ ရိုက်ကူးသွားခဲ့ကြသည်။

 

ဤသည်မှာ မြန်မာနိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးမှု၏ နိဒါန်းစတင်ခဲ့ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သူတို့ရိုက်ကူး မှတ်တမ်းတင်သွားခဲ့သော ပုံရိပ်များကို သူတို့နိုင်ငံများသို့ ပြန်လည်ရောက်ရှိမှသာ ကူးဆေးပြီး ပြသခဲ့ကြသည်။ ထိုဓာတ်ပုံပညာရှင်၊ ရုပ်ရှင်ပညာရှင်တို့သည် မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများ၊ သစ်လုပ်ငန်းများ ဆင်များသစ်ဆွဲနေပုံများ၊ ဘုရား၊ စေတီပုထိုးတော်များကို မှတ်တမ်းတင် ရိုက်ကူးသွားခဲ့ကြသည်။

 

၁၈၉၆ ခုနှစ်တွင် အင်္ဂလန်ရှိ လန်ဒန်မြို့တော် "အင်ပါယာဂီတခန်းမ” (The Empire Music Hall) ၌ ပြသခဲ့သော ရုပ်ရှင်ကားအတိုလေးများထဲ၌ “မှန်နန်းတော်ကြီးထဲက မြန်မာအက” (The Burmese dancers at the crystal palace) ဟူသော ရုပ်ရှင်ကားပိုင်းလေး ပါရှိခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။ ထိုရုပ်ရှင်ကားပိုင်းကလေးမှာ မြန်မာနိုင်ငံတွင် မြန်မာတို့အကြောင်း ရိုက်ကူးထားသော ပထမဦးဆုံး မြန်မာရုပ်ရှင်ကားတို ကာလဟု ဆိုရမည်ဖြစ်ပါသည်။ သို့ရာတွင် ရိုက်ကူးသူများနှင့် ကြည့်ရှုသည့် ပရိသတ်မှာ တိုင်းတစ်ပါးသားများသာ ဖြစ်ခဲ့ကြသည်။

 

mdn

 

မြန်မာနိုင်ငံ၌ ရုပ်ရှင်ပြသမှုစတင်ခြင်း

 

မြန်မာနိုင်ငံသို့ ရုပ်ရှင်ကားများ ပြသရန် ယူဆောင်လာခဲ့ကြသူများမှာ မြန်မာများ မဟုတ်ခဲ့ပေ။ ဥရောပ တိုက်သားများ၊ ဂျပန်နိုင်ငံသားများ အိန္ဒိယနိုင်ငံသားများ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ရုပ်ရှင်တင်သွင်းပြသခြင်း လုပ်ငန်းကို အိန္ဒိယနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံသားများက အများဆုံးလုပ်ကိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လက်အောက်ခံ ပြည်နယ်တစ်နယ်အဖြစ် သတ်မှတ်ကာ အင်္ဂလိပ်နယ်ချဲ့ အစိုးရက အိန္ဒိယရှိ အင်္ဂလိပ်ဘုရင်ခံချုပ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သောကြောင့်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ အများပြည်သူတို့အား ပထမဦးဆုံး ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ၁၉၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည်ဟု လေ့လာသိရှိရသည်။ ထိုစဉ်က “ဂေါ်ဒွင်လမ်း” (ယခုလမ်းမတော်လမ်း) နှင့် “ကျုံးကြီးလမ်း" (ယခု အနော်ရထာလမ်း) ထောင့်ရှိ မြေကွက်လပ်တွင် “အက်ဒီဆင်ဘိုင်စကုတ်ရုံ” အဖြစ် ရွက်ထည်ရုံတစ်ရုံ ဆောက်လုပ်ထားခဲ့သည်ဟု ဆိုသည်။ ရုပ်ရှင်ရုံ၏ ရှေ့တန်းနေရာ၌ ဖျာခင်းထားပြီး ရုပ်ရှင်ပြည်သူတစ်ဦးလျှင် ထိုစဉ်က အိန္ဒိယနိုင်ငံသုံးငွေ “တစ်မူး” ပေးရပြီး နောက်တန်းက ထိုင်ခုံဖြင့်ထိုင်၍ ကြည့်ရှုသူတစ်ဦးလျှင် “တစ်မတ်” ပေးရသည်။ နောက်မှီ ခုံရှည်တန်းလျားဖြင့် ကြည့်ရှုသူတစ်ဦးလျှင် “ငါးမူး” ပေးရသည်ဟု သိရသည်။

 

ရွက်ထည်ဖျင်ဖြင့် ဆောက်လုပ်ထားသော ရုပ်ရှင်ရုံအတွင်းအပြင်၌ မီးထွန်းရန်နှင့် ရုပ်ရှင်ပြစက်မောင်းနှင်ရန်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ကြီးကို ကျောက်မီးသွေးဖြင့် မောင်းနှင်ရသည်။ လျှပ်စစ်ဓာတ်အားပေးစက်ကြီး မီးခိုးတလူလူနှင့် တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်းဆူညံသံများ ထွက်လာတော့မှ မီးလင်းလာသည်။ ရုပ်ရှင်ပြတော့မည်ဆိုလျှင် မီးမှိတ်လိုက်ပြီး စတင်ပြသသည်နှင့် “ကြိုဆိုပါသည်" (Welcome) ဟူသော စာလုံးကြီး ပေါ်ထွက်လာသည်။

 

ထိုစဉ်ကပြသသောရုပ်ရှင်ကားများမှာ အနောက်နိုင်ငံများမှ တံတားကြီးများ၊ တိုက်တာအဆောက်အအုံကြီးများ၊ သင်္ဘောကြီးများ၊ မီးရထားများ၊ မြို့တော်ကြီးများ၊ ပင်လယ်သမုဒ္ဒရာများမှ ရေလှိုင်းလုံးကြီးများ၊ သတင်းကားများ၊ ဟာသသရုပ်ဆောင်များ၏ ဖျော်ဖြေပုံများပါဝင်ကြသည်။ ။

 

ရုပ်ရှင်ကားကို အပိုင်းလိုက်ပြသခဲ့ရသဖြင့် တစ်ပိုင် ပြီးတိုင်း “ဖလင်ရစ်ဘီးပြောင်းရသဖြင့် တစ်မိနစ်ခန့် သည်းခံပါ” ဟူ၍ မြန်မာ အင်္ဂလိပ်စာတန်းထိုးပြီး အပိုင်းတစ်ပိုင်း ကုန်ဆုံးတိုင်းလည်း “ အပိုင်း(၁) ပြီးပါပြီ” (End of Part One) ဟု စာတန်းပေါ်လာတော့သည်။

 

ဆူညံခြင်းမပြုဘဲ အေးဆေးစွာ ကြည့်ရှုအားပေး

 

ထို့နောက် နောက်ထပ်အပိုင်းတစ်ပိုင်း ဆက်လက်ပြသသောအခါ “ အပိုင်း(၂)" (Part Two) ဟု စာတန်းထိုးပြန်ပါသည်။ ရုပ်ရှင်ကားပြသနေစဉ်အတွင်း မကြာခဏ ဖလင်ပြတ်တောက်ခြင်း၊ ရုပ်ပုံများ ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ရုပ်ပုံများတုန်ခြင်း၊ မှုန်ခြင်း၊ ရုပ်ရှင်ဖလင်ဂိတ်ပေါက် လွဲချော်၍ အပေါ်ရုပ်ပုံနှင့် အောက်ရုပ်ပုံတို့ တခြားစီပေါ်လာခြင်း (Up and Down) တို့ရှိသော်လည်း ပရိသတ်မှာ ဆူညံခြင်းမပြုဘဲ အေးဆေးစွာ ကြည့်ရှုအားပေးခဲ့ကြသည်ဟု ဆိုသည်။

 

ထို့နောက် အက်ဒီဆင်ရုပ်ရှင်ရုံအပြင် ယခုသိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၌ ဂျပန်ရုပ်ရှင်ရုံ တစ်ရုံရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ထိုစဉ်က “ဘီအေအေ ဘောလုံးကွင်း” (ယခုအောင်ဆန်းအားကစားကွင်း) နေရာ၌ ရွက်ထည်ဖျင်ဖြင့် ဆောက်လုပ်သော ရုပ်ရှင်ရုံ၌ ရုပ်ရှင်ပြစက်ကို လမ်းကြိတ်စက်အင်ဂျင်နှင့်ဆက်ကာ မောင်းနှင်ပြီးပြသခဲ့သော်လည်း ထိုစဉ်က ထိုနေရာမှာ လူသွားလူလာမစည်ကား၍ ကြာရှည်စွာ မပြသနိုင်ခဲ့ပေ။

 

mdn

 

ထို့နောက် ရွှေတိဂုံဘုရားလမ်း၌ ရုပ်ရှင်ရုံတစ်ရုံ တည်ဆောက်ပြသခဲ့ကြသည်။ သို့ရာတွင် ထိုရုပ်ရှင်ရုံမှာ ထိုစဉ်က အင်္ဂလိပ်မျက်နှာဖြူ လူတန်းစားများအတွက် သီးသန့်ရုပ်ရှင်ရုံဖြစ်သွားခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က “ကော်မရှင်နာလမ်း” ခေါ် ယခု ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးနေရာတွင် “စီနီမာဒီပဲရစ်” (Cinema de Paris) ရုပ်ရှင်ရုံ၊ “အဲလီဖင့်စတုံး” (Elephant Stone) ရုပ်ရှင်ရုံ၊ “အင်ပါယာ " (Impara) ရုပ်ရှင်ရုံများကို ဆောက်လုပ်ပြီး နေ့စဉ်ပြသ ခဲ့ကြသည်။

 

မြန်မာနိုင်ငံ၌ ရုပ်ရှင်စတင်ရိုက်ကူးပြီး မြန်မာနိုင်ငံတွင် ရုပ်ရှင်ပြသမှုစတင်ခြင်း

 

မြန်မာ့ရုပ်ရှင်ပေါ်ဦးစကာလတွင် မြန်မာနိုင်ငံတွင် ရိုက်ကူးသွားခဲ့သော ရုပ်ရှင်ကားအတိုကလေးများကို နိုင်ငံခြားတွင် ပြသခြင်းမှာ ပထမဖြစ်သည်။ ထို့နောက် အနောက်နိုင်ငံသားများက ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံတွင်လာရောက်ပြသခြင်းက ဒုတိယဖြစ်ခဲ့သည်။ နောက်တစ်မျိုးမှာ မြန်မာနိုင်ငံတွင် ရိုက်ကူးသွားခဲ့ပြီး နိုင်ငံခြား၌ ဖလင်ကူးဆေးကာ မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်လာကာ ပြသခြင်းမှာ တတိယဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

 

ထိုစဉ်က “ရှိုးမင်းရှစ်” (Show Manship) ခေါ် “ရုပ်ရှင်ပြသလုပ်ကိုင်သူများ” ပေါ်ပေါက်ခဲ့ရာ ထိုသူတို့သည် ရုပ်ရှင်ပြစက်နှင့် ဖလင်လိပ်များကိုထမ်းပြီး အရပ်တကာလှည့်လည်ကာ ရုပ်ရှင်ပြသ လုပ်ကိုင်ခဲ့ကြသည်။ ထိုခေတ်က ရုပ်ရှင်ပြစက်များမှာ ကင်မရာအဖြစ်ရော ပြစက်အဖြစ်ပါ နှစ်မျိုးစလုံး အသုံးပြု၍ရသော “ပြစက် ကင်မရာ” များဖြစ်ကြသည်။

 

ထိုပြစက်ကင်မရာများကို ယူဆောင်လာခဲ့ကြသော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအရပ်ရပ်၌ သူတို့တွေ့မြင်ကြရသည့် ကောင်းနိုးရာရာ မြင်ကွင်းပသာဒများကို ရိုက်ကူးသွားပြီး နိုင်ငံခြားတွင် ဖလင်များကို ဆေးကူးပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်လာကာ ရုပ်ရှင် ပြသခဲ့ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ရိုက်ကူးသွားခဲ့သော ရုပ်ရှင်ကားများကို မြန်မာနိုင်ငံ၌ ပြန်လည်ပြသမှုစတင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

 

ထိုစဉ်က ပြသခဲ့သော ရုပ်ရှင်ကားတိုကလေးများမှာ မြန်မာအိမ်ထောင်ရှင်အမျိုးသမီးများက မိမိတို့၏ ရင်သွေးကလေးများကို နို့ချိုတိုက်ကျွေးနေပုံ၊ နေအိမ်တစ်အိမ်၌ မြန်မာအမျိုးသမီးကြီးတစ်ဦး ကွမ်းသီးဖက်ဖြင့် လိပ်ထားသောဆေးပေါ့လိပ်ကြီးကို မီးခိုးတလူလူထွက်အောင် ဆေးလိပ်သောက်နေပုံ၊ အမျိုးသမီးလေး၊ ငါးယောက် ဆံပင်ဖားလျားချပြီး ရှေ့နောက်တန်းစီထိုင်ကာ တစ်ယောက်ခေါင်း တစ်ယောက် သန်းရှာပေးနေကြပုံ။ ထိုခေတ်ကခေတ်ဆန်လွန်းသူ အမျိုးသမီးအချို့ ထဘီခွဲ နှင့် ပေါင်တစ်ခြမ်း မပေါ့တပေါ်လမ်းလျှောက်လာပုံ။ မုန့်ဟင်းခါးသည်တစ်ဦး လမ်းပေါ်၌ အော်၍ရောင်းသည် ကို အိမ်ထဲမှ လူများက ခေါ်ယူဝယ်စားကြပုံ၊ ထိုစဉ်က မြန်မာ့အငြိမ့်မင်းသမီးများနှင့် လူရွှင်တော်များက ပွဲကြည့်ပရိသတ်တို့အား ကပြဖြေဖျော်နေပုံ စသည်တို့ကို ပြခဲ့ကြသည်ဟု ဆိုပါသည်။

 

ထိုစဉ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ ကျင်းပခဲ့သည့် “ပဉ္စမမြောက်ဂျော့ဘုရင်” (George - V) ၏ အိန္ဒိယနိုင်ငံ နန်းသိမ်းပွဲ၌ ဧည့်သည်တော်အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ အကျဉ်းသားပါတော်မူ မြန်မာဘုရင်ဟောင်း သီပေါမင်းက အင်္ဂလိပ်နယ်ချဲ့ဘုရင် “ဂျော့” ကို နိမ့်သည့် နေရာတစ်နေရာမှ ဦးညွှတ်ခစား ဝတ်ပြုသည့်ရိုက်ချက်ကို တင်ပြခဲ့သည်။ မြင့်မြတ်သောနေရာ၌ အပြိုင်သားထိုင်ကာ အောင်ပွဲခံနေသော အင်္ဂလိပ်နယ်ချဲ့ ဘုရင် "ဂျော့” ကို နယ်ချဲ့အကျဉ်းသားဖြစ်နေရရှာသည့် မြန်မာ့နန်းကျ ဘုရင်သီပေါမင်းက နိမ့်သောနေရာတစ်နေရာမှ ဦးညွှတ်ခစားနေရသည့် ပြကွက်ကို ကြည့်မြင်လိုက်ရသည်နှင့် တစ်မုဟုတ်ချင်းပင် ရုပ်ရှင်ကြည့် မြန်မာပရိသတ်တို့မှာ လက်သည်းဆိတ်၍ လက်ထိပ်နာရသကဲ့သို့ မခံမရပ်ဖြစ်ကာ ရုပ်ရှင်ပိတ်ကားကို ခဲလုံးများ၊ ဖိနပ်များဖြင့်ဝိုင်း၍ ပစ်ပေါက်ခဲ့ကြသည်အထိ ပွဲဆူသွားခဲ့ရာ ထိုရုပ်ရှင် သတင်းကားအတိုကို နိုင်ငံခြားသားတို့ မပြခဲ့တော့ကြောင်း သိရသည်။ ဤဖြစ်ရပ်၌ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က သူတို့၏ အရှင်သခင် "ဂျော့ " ဘုရင်ကို အမွှမ်းတင်ပြီး မြန်မာဘုရင်သီပေါမင်းကို တစ်ဖက်သတ် နှိမ့်ချကာ ရိုက်ကူးပြသခဲ့သည့် ရုပ်ရှင်ပြကွက်မျိုးကို အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်အရင်းခံ ထက်သန်လှသော မြန်မာပရိသတ်က လုံးဝလက်မခံခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဂုဏ်ယူလေးစားဖွယ် ဖြစ်ပါသည်။