စန်းနီလာဝင်း

မြန်မာတို့ ကိုယ်တိုင် 

မြန်မာ့ရုပ်ရှင်ရိုက်ကူးမှုစတင်ခြင်း

မြန်မာ့ရုပ်ရှင်ကို    စတင်ရိုက်ကူးပြသခဲ့သည့်ပုဂ္ဂိုလ်မှာ ဓာတ်ပုံပညာရှင်နှင့်   ပန်းချီဝါသနာရှင်   ဦးအုန်းမောင် ဖြစ်ပြီး ထိုစဉ်က နိုင်ငံခြားသားပိုင်  ဓာတ်ပုံတိုက်တွင် လခစား ဓာတ်ပုံပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ  ဖြစ်သည်။ 

၁၉၁၅ ခုနှစ်တွင် ဓာတ်ပုံပညာရှင် ဦးအုန်းမောင်သည် ကုန်သည်လမ်းနှင့် ၃၈ လမ်းထိပ်တွင် “လန်ဒန် အတ်ဓာတ်ပုံတိုက်   (London Art Photo Studio)”  စတင် တည်ထောင်ခဲ့ရာ ထိုခေတ်ကာလက  ဓာတ်ပုံလုပ်ငန်းကို  နိုင်ငံခြားသားများ   တွင်ကျယ်စွာ  လုပ်ကိုင်နေချိန်မျိုး ဖြစ်ရာ မြန်မာအမျိုးသားဓာတ်ပုံပညာရှင် ဦးအုန်းမောင် က  မြန်မာပိုင်ဓာတ်ပုံလုပ်ငန်းကို  ပထမဆုံးစတင်ဖွင့်လှစ် နိုင်ခဲ့ခြင်းမှာ အလွန်ဂုဏ်ယူချီးကျူးဖွယ်ပင် ဖြစ်ပါသည်။ 

တီထွင်ဆန်းသစ်မှုကို      အမြဲစိတ်ဝင်စားခဲ့သော ဓာတ်ပုံပညာရှင် ဦးအုန်းမောင်သည် ရုပ်သေဓာတ်ပုံများ ရိုက်ကူးနေခဲ့ရာမှ   ရုပ်ရှင်စမ်းသပ်ရိုက်ကူးရန်  ဆုံးဖြတ်ခဲ့ပြီး ရုပ်ရှင်ရိုက်ကင်မရာ တစ်လုံးကို ရှာဖွေခဲ့ရာ ထိုစဉ်က  “ဒီဇူဇာဆေးတိုက်”မှ မှန်ဘီလူး(Lens) မပါသော ကင်မရာ အဟောင်းလေး  တစ်လုံးကို  ရရှိခဲ့သည်။ မှန်ဘီလူးကို  ဆက်လက်ရှာဖွေခဲ့ပြန်ရာ ထိုစဉ်က  “ဒီပဲရစ်ရုပ်ရှင်ရုံ” (De Paris Cinema) [ထိုစဉ်က “စကော့ဈေး” နောင်   “ဗိုလ်ချုပ်အောင်ဆန်းဈေး”    တည်ရှိရာနေရာ   ပိုင်ရှင် “မစ္စတာ အချား”ထံမှ    မှန်ဘီလူးအဟောင်းတစ်ခုကို ရရှိခဲ့ပြန်ပါသည်။ (ထိုကင်မရာနှင့် မှန်ဘီလူးအဟောင်း မှာ နိုင်ငံခြားသားများ အသုံးမပြုတော့၍ စွန့်ပစ်ထားသည် ကို သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။) 

သို့တစေ   တီထွင်စိတ်ကူးဉာဏ်မြင့်မားလှသော ဓာတ်ပုံပညာရှင် ဆရာဦးအုန်းမောင်သည် ကင်မရာနှင့် မှန်ဘီလူးကို ပြုပြင်တပ်ဆင်၍  အသုံးပြုကြည့်လိုက်သော အခါ အောင်မြင်မှုရရှိသွားခဲ့တော့သည်။ ထိုအောင်မြင် မှုကို အရင်းခံပြီး ဇာတ်လမ်းပါဝင်သော ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနိုင်ရန် စတင်ကြိုးပမ်းခဲ့သည်။

ထိုစဉ်က မြန်မာအဆွေကုမ္ပဏီ  (နောင်- အေဝမ်း ရုပ်ရှင်ကုမ္ပဏီ)ပိုင်ရှင်သူဌေးကြီး ဦးဘညွန့်၏သား ကိုညီပုနှင့် ပညာ့အလင်းမဂ္ဂဇင်းနှင့် သတင်းစာတိုက်မှ မန်နေဂျာ ဦးပုတို့၏ ကူညီမှုကြောင့် စာရေးဆရာကြီး “ပီမိုးနင်း” ထံမှ “မေတ္တာနှင့်သူရာ” အမည်ရှိဇာတ်လမ်းကို ရရှိခဲ့ကြသည်။

“မေတ္တာနှင့်သူရာ”    ပထမဆုံးမြန်မာ့အသံတိတ် ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးစဉ်အခါက ပထမဆုံး  မြန်မာအမျိုးသားရုပ်ရှင်သရုပ်ဆောင်          ကိုညီပုမှာ အထက်တန်းကျောင်းသား             ဖြစ်နေသောကြောင့် ကျောင်းပိတ်ရက်  စနေ၊  တနင်္ဂနွေနေ့များ၌   အိမ်က မသိအောင် စတင်ရိုက်ကူးခဲ့ရသည်ဟု ဆိုသည်။ ရုပ်ရှင် ရိုက်ကူးမည့်နေ့    နံနက်စောစော   ၄   နာရီအချိန်မှစ၍ ပစ္စည်းပစ္စယများကို    နွားလှည်းဖြင့်    တင်ဆောင်ပြီး ကိုယ့်ထမင်းချိုင့်ကို ကိုယ်ယူဆောင်ကာ  ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ဘက်နှင့် မြောက်ဘက်ရှိ ခြံကြိုခြံကြား ၌ အပြင်ဇာတ်ဝင်ခန်း (Outdoor) ကို  ရိုက်ကူးခဲ့ကြရသည်။ သရုပ်ဆောင်များအနက်  မိမိနေအိမ်မှ သနပ်ခါးမှုန်မှုန် လိမ်းလာသော   မင်းသမီးမှလွဲ၍  ကျန်သရုပ်ဆောင်သူ အားလုံးမှာ မည်သူမျှ မိတ်ကပ်လိမ်းခြယ်ခြင်း လုံးဝမရှိပါ။  အတွင်းဇာတ်ဝင်ခန်းများ    (Indoor)    ကို     ဗဟန်းရှိ  မိတ်ဆွေများ၏ ခြံများထဲ၌ ဝါးလုံးတိုင်ထူကာ  ပိတ်ဖျင်မိုးပြီး    ကြည့်မှန်ကြီးများထိုး၍   အလင်းရောင်ယူကာ ရိုက်ကူးခဲ့ကြသည်။

ဇာတ်လမ်းပါရှိသော မြန်မာ့ပထမဆုံး ဇာတ်လမ်းရုပ်ရှင် စတင်ရုံတင်ပြသခြင်း

မြန်မာတို့အကြောင်းကို      မြန်မာတို့ကိုယ်တိုင် ရိုက်ကူးခြင်း၊    မြန်မာတို့သာ   ပါဝင်သရုပ်ဆောင်ကာ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဇာတ်လမ်းပါရှိသော  မြန်မာ ရုပ်ရှင်ဇာတ်ကားမှာ    “မေတ္တာနှင့်သူရာ”   အမည်ရှိ အသံတိတ် မြန်မာစာတန်းထိုး   ရုပ်ရှင်ဇာတ်ကားပင် ဖြစ် သည်။ စီစဉ်သူမြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်၊ ဝတ္ထုမှာ ထိုစဉ်က“ပိုက်ဆံကြီး”ကလောင်အမည်ခံ  စာရေးဆရာကြီး ပီမိုးနင်း၊ သရုပ်ဆောင်မင်းသား မောင်ညီပု၊  မင်းသမီး မအေးကြည်၊ ဦးပါကြီး၊ ထိုစဉ်က နာမည်ကျော်  မီးရထားဘောလုံးအသင်းမှ    မောင်မောင်ချစ်၊   လူကြမ်း ဦးပုကြီး၊ ထိုစဉ်က ဒဂုန်မဂ္ဂဇင်းမန်နေဂျာ မောင်မောင်ကလေး၊  အမျိုးသားဇာတ်ပို့အမူအရာ ညွှန်ကြားပြသသူမှာ ပညာအလင်းပြသတင်းစာ မန်နေဂျာ ဦးပု ခေါ် နောင်ဒါရိုက်တာ  ဦးတုတ်ကြီးတို့ ဖြစ်ကြသည်။ 

ထိုသို့ရိုက်ကူးနေစဉ်မှာပင်     မြန်မာနိုင်ငံ   ကိုလိုနီ အုပ်ချုပ်ရေးယန္တရားမှ အင်္ဂလိပ်နယ်ချဲ့အစိုးရ အာဏာပိုင် များက ရုပ်ရှင်ဓာတ်ပုံပညာရှင် ဦးအုန်းမောင်၏  ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု အောင်မြင်နေသည်ကို ကြားသိသွားခဲ့ ကြသည်။ ထိုစဉ်က  ၁၉၂၀  ပြည့်နှစ်တွင်  လန်ဒန်မြို့၌ ကျင်းပမည့် ဗြိတိသျှ အင်ပါယာပြပွဲကြီး၌ အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏  ကိုလိုနီနိုင်ငံတစ်နိုင်ငံဖြစ်သော   မြန်မာနိုင်ငံမှ ထွက်ရှိထုတ်လုပ်သော ဆန်၊ ကျွန်းသစ်၊ ရေနံ၊ သတ္တုများ၊  ဝါဂွမ်းများနှင့်    ယွန်းထည်လုပ်ငန်း၊     ပုသိမ်ထီးလုပ်ငန်း၊ မန္တလေးပိုးထည်လုပ်ငန်းစသည့်    အိမ်တွင်းမှုလုပ်ငန်း များကို    မှတ်တမ်းတင်သတင်းကား    ရိုက်ကူးပေးရန် ဦးအုန်းမောင်အား   မေတ္တာရပ်ခံလာခဲ့သည်။  ထိုအခါ ရုပ်ရှင်ဓာတ်ပုံပညာရှင်  ဦးအုန်းမောင်မှာ     မနေသာသဖြင့်    ပါဝင်ရိုက်ကူးပေးခဲ့ရသောကြောင့်  ရိုက်လက်စ မေတ္တာ နှင့်သူရာ ဇာတ်လမ်းရုပ်ရှင်ကို ခေတ္တရပ်နားထားခဲ့ရသည်။ ထိုသို့ကူညီရိုက်ကူးပေးခဲ့ရသောကြောင့်    ရိုက်လက်စ  ရုပ်ရှင်ကင်မရာထက်ကောင်းမွန်သော    “ဝီလျံဆင်” (Williamson) အမျိုးအစား ဖလင်ပေ ၄၀  ဝင်ဆံ့သည့် ရုပ်ရှင်ရိုက်ကင်မရာတစ်လုံးနှင့် “ဝီလျံဆင်” အမျိုးအစား ရုပ်ရှင်ကားကူးစက် (Williamson Printing Machine)     တစ်လုံး  ဝယ်ယူခွင့်ရရှိခဲ့သဖြင့်     အသံတိတ်ရုပ်ရှင် ဇာတ်ကားများ  ရိုက်ကူးရန်  အဆင်ပြေချောမွေ့လာခဲ့သည်။      ထိုစဉ်က   အသံတိတ်ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင်-

 (၁) ရုပ်ရှင်ရိုက်ခြင်း၊ 

 (၂) ဖလင်ဆေးခြင်း၊ 

 (၃) တည်းဖြတ်ခြင်း၊ 

 (၄) နဂ္ဂတစ်မှ ပေါ့စတစ်သို့   ကူးယူခြင်းဟူ၍ အဆင့်လေးဆင့်ဖြင့် ရိုက်ကူးခဲ့ကြရသည်။ 

မြန်မာ့ရုပ်ရှင်ဓာတ်ပုံပညာ၏ ဖခင်ကြီး ဦးမောင်မောင် အတ္ထုပ္ပတ္တိကို လေ့လာကြည့်သောအခါ   “မြန်မာ့ရုပ်ရှင်လုပ်ငန်းကို     ၁၉၁၀    ပြည့်နှစ်မှစ၍  အခက်အခဲအမျိုးမျိုးကြားမှ ကြံစည်ကြိုးပမ်းခဲ့ရာ  ၁၉၁၉  ခုနှစ်ရောက်ခါမှ    ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်း အောင်မြင်ခဲ့ပါသည်။ စာတွေ့လက်တွေ့  အကြားအမြင်  ဗဟုသုတ များရရှိလာသည်နှင့်အမျှ   ထိုစဉ်က    မြန်မာနိုင်ငံ၏    သဘာဝတောတောင်ရေမြေရှုခင်းများ၊ မြန်မာ့ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းအရ ဆင်ယင်ကျင်းပသော ပွဲလမ်းသဘင် အခမ်းအနားများကို ရိုက်ကူးခဲ့ရာ  ထိုစဉ်က   “ဂလုပ်ရုပ်ရှင်ရုံ” (Globe Cinema)  ပိုင်ရှင်က   ရုပ်ရှင်ဖလင်  တစ်ပေလျှင်   တစ်ကျပ်နှုန်းဖြင့်  ဝယ်ယူကာ  နိုင်ငံခြား တိုင်းပြည်များသို့  ရောင်းချခဲ့သည်။   ရုပ်ရှင်ရိုက်ကူးခြင်းပညာကို စနစ်တကျသင်ယူခဲ့ရသည်မဟုတ်ဘဲ မြင်ဆရာ ကြားဆရာများထံမှ လေ့လာဆည်းပူးရင်းက စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းခဲ့ရသည်”ဟု ရေးသားဖော်ပြခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

မြန်မာ့ပထမဦးဆုံး အသံတိတ်ဇာတ်လမ်း  ရုပ်ရှင်ဇာတ်ကားဖြစ်သည့် “မေတ္တာနှင့်သူရာ”  ရုပ်ရှင်ဇာတ်ကား ရိုက်ကူး၍ မပြီးဆုံးသေးခင်မှာပင် ၁၉၂၀ ပြည့်နှစ် ဇွန်လ  ၂  ရက်နေ့၌  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA = Young Men’s Buddhist Association) ကို ကိုယ်စားပြုသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင် ဦးထွန်းရှိန်  [၁၉၁၉ ခုနှစ် ဇူလိုင်လ  ၇  ရက်နေ့က မြန်မာနိုင်ငံ    ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်အတွက်   အင်္ဂလန်သို့   သွားရောက် တောင်းဆိုခဲ့ရာတွင် ဦးဘဘေ  (သူရိယသတင်းစာတိုက်)၊  ဦးပု(ဝတ်လုံတော်ရရှေ့နေ)တို့နှင့်အတူ      ပါဝင်တောင်းဆိုခဲ့သော    မန္တလေးမှ  ကျောင်းအုပ်ဆရာကြီး  ဦးထွန်းရှိန်ပင်  ဖြစ်သည်)] မှာ ကွယ်လွန်သွားခဲ့သဖြင့်    ရုပ်ရှင်ဓာတ်ပုံပညာရှင်ကြီး ဦးအုန်းမောင်က ဈာပနအခမ်းအနား   သတင်းရုပ်ရှင်ကားကို “မှတ်တမ်းတင်ရုပ်ရှင်”  (Documentary  Film)  အဖြစ် မော်ကွန်းတင်ခဲ့သည်။

မြန်မာအမျိုးသားရုပ်ရှင်ဓာတ်ပုံပညာရှင် ဦးအုန်းမောင် သည်  အမျိုးသားရေးကို ပုဂ္ဂလိက   အကျိုးစီးပွားထက် ဦးစားပေးသည့်အနေဖြင့်           လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည့်    ဦးထွန်းရှိန်၏  ဈာပနမှတ်တမ်းတင် ရုပ်ရှင်သတင်းကားကို ဦးစားပေးကာ “ဒီပဲရစ်ရုပ်ရှင်ရုံ”၌ မြန်မာ့ပွဲဦးထွက်  ရုပ်ရှင်သတင်းကား တစ်ကားအဖြစ် တင်ဆက်ပြသခွင့်ရရှိအောင်   ကြိုးပမ်းခဲ့သည်မှာ အထူးဂုဏ်ယူ  ကြည်ညိုလေးစားဖွယ် ဖြစ်ပါ သည်။  ထိုစဉ်က ဦးထွန်းရှိန် ဈာပနသတင်းကားမှာ အပိုင်း နှစ်ပိုင်းနှင့်  နိုင်ငံခြားသတင်းကား အပိုင်း ခြောက်ပိုင်းကို ပူးတွဲပြသခဲ့ရာ   မြန်မာရုပ်ရှင်ကြည့်   ပရိသတ်ကြီးက သောင်းသောင်းဖြဖြ      ကြည့်ရှုအားပေးခဲ့ကြသည်ဟု သိရသည်။ သည်တွင်မက  ဦးထွန်းရှိန် ဈာပနသတင်းကားကို ပထမဆုံးမြန်မာ့ရုပ်ရှင်အဖြစ်   အောင်မြင်စွာ  ရိုက်ကူးတင်ဆက်နိုင်ခဲ့သည်။  ရုပ်ပုံဓာတ်ပုံပညာရှင်ကြီး    ဆရာဦးအုန်းမောင်အား   ထိုစဉ်က  “မြန်မာတိုင်းရင်းသားအသင်း များ၏   အသင်းချုပ်ကြီး” (General Council of Burmese  Association - G.C.B.A) က “ပထမဆုံး ရွှေတံဆိပ်ဆုကြီး” ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

အကယ်၍ ထိုစဉ်က (၁၉၂၀ ပြည့်နှစ်) မြန်မာ့ရုပ်ရှင် ဓာတ်ပုံပညာရှင်ဦးအုန်းမောင်၏      “ဦးထွန်းရှိန်   ဈာပန အခမ်းအနား မှတ်တမ်းတင်ရုပ်ရှင်သတင်းကား မပေါ်ပေါက် ခဲ့လျှင်   မြန်မာ့ရုပ်ရှင်သည်လည်း   ယခုမြန်မာ့ရုပ်ရှင်    နှစ် (၁၀၀) ပြည့် သဘင်အခမ်းအနားကြီးသို့ ရောက်ရှိလာဦးမည် မဟုတ်ပါ။   ဦးအုန်းမောင်၏    အပတ်တကုတ်   ကြိုးပမ်းအားထုတ်မှုကြောင့်  အောင်အောင်မြင်မြင်  ရိုက်ကူးပြသ နိုင်ခဲ့သော “ဦးထွန်းရှိန် ဈာပနသတင်းကား”မှာ  မြန်မာ့ရုပ်ရှင်၏   သန္ဓေမျိုးစေ့အဖြစ်  မွေးဖွားကြီးပြင်းလာခဲ့ရာမှ  ယနေ့   နှစ် (၁၀၀) ပြည့်တိုင်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဖြတ်သန်းလျှောက်လှမ်းခဲ့ရသော         ရုပ်ရှင်သက်တမ်း တစ်လျှောက် အတွေ့အကြုံ၊ အခက်အခဲအမျိုးမျိုးကြားထဲက ကျော်လွှားကာ ယနေ့ကမ္ဘာတွင် “မြန်မာ့ရုပ်ရှင်” ဟူ၍ ခံ့ညားတင့်တယ်စွာ ရပ်တည်ပြသနိုင်အောင် အတွေ့အကြုံ ရင့်ကျက်သော “မြန်မာ့ရုပ်ရှင်” ဖြစ်လာခဲ့ပါသည်။ 

ဆက်လက်၍ ၁၉၂၁ ခုနှစ်တွင် မြန်မာ့ဇာတ်လမ်း ရုပ်ရှင် ဒုတိယမြောက်ရုပ်ရှင်ကားကို     ဆရာဦးအုန်းမောင်က ဆက်လက်ရိုက်ကူးရာ ထိုဇာတ်ကားကို  “ကျေးတောသူ မနု”  ဟု   အမည်ပေးခဲ့သည်။    ထိုဇာတ်ကားတွင်  ပထမဦးဆုံး မြန်မာ့အမျိုးသားသရုပ်ဆောင် “ကိုညီပု” နှင့်  အမျိုးသမီး သရုပ်ဆောင်သစ် “မငွေမြိုင်” တို့ ပါဝင် ခဲ့ရာ ထိုဒုတိယမြောက် အသံတိတ်ဇာတ်ကားမှာ ပထမ “မေတ္တာနှင့် သူရာ” ဇာတ်ကားထက်  ရုပ်ရှင်ဓာတ်ပုံများ ကြည်လင်ပြတ်သားလာခဲ့သည်။ ကိုညီပုက   နိုင်ငံခြားရုပ်ရှင် စာအုပ်စာစောင်များကို ဖတ်ရှုခဲ့ရာမှ သရုပ်ဆောင်များကို မိတ်ကပ်လိမ်းခြယ်ပေးမှသာ  ရုပ်ရှင်ပိတ်ကားပေါ်တွင်   ပို၍ကြည့်ကောင်းလာကြောင်း သိရှိခဲ့ကာ ထိုဇာတ်ကား မှစ၍ သရုပ်ဆောင်သူများ မိတ်ကပ်ကို  စတင်သုံးစွဲခဲ့ကြသည်ဟု သိရသည်။ 

ထိုစဉ်က ရုပ်ရှင်သရုပ်ဆောင်များ မိတ်ကပ်သုံးစွဲ ပုံမှာ  “အင်းစိန်မရွှေမ” မျက်နှာချေကို      သကြားရည်ဖြင့်  ဖျော်စပ်၍       မျက်နှာပြင်တစ်ခုလုံးကို   လိမ်းခဲ့ကြရသည်။ နှုတ်ခမ်းနီစေရန် အမွှေးတိုင်ထုတ် စက္ကူအနီ သို့မဟုတ်  ယပ်တောင်အနီနှင့် နှုတ်ခမ်းကို ပွတ်ကြရသည်။ မျက်ခုံးမွှေး အတွက်   တရုတ်မင်တောင့်ခဲကို   သွေးပြီး    သွားပွတ်တံ အသေးဖြင့်  ဆွဲခဲ့ကြရသည်။   “ကျေးတောသူမနု” အမည်ရှိ ဒုတိယမြောက်    မြန်မာ့အသံတိတ်ရုပ်ရှင်ဇာတ်ကား ကို  ၁၉၂၁ ခုနှစ် မတ်လတွင် ဒီပဲရစ်ရုပ်ရှင်ရုံ၌ ပြသခဲ့ရာ နေ့စဉ်အမြဲ ပွဲတိုင်းရုံလျှံနေအောင် ရုပ်ရှင်ပရိသတ်တို့က အားပေးကြည့်ရှုခဲ့ကြသည်ဟု သိရပါသည်။