မန္တလေး ၃၀ မတ်


မြန်မာ့သနပ်ခါး ကုန်ကြမ်းဝယ်ယူအား သုံးပုံတစ်ပုံခန့် ကျလာတယ်လို့ မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။


အသင့်လိမ်းသနပ်ခါးကို ဝယ်ယူသုံးစွဲလာတာ၊ စိုက်ပျိုးဧရိယာများပြားလာပြီး ထွက်နှုန်းတိုးလာတာ၊ သနပ်ခါးအတုံး အသုံးပြုမှုနည်းလာတာကြောင့် ဝယ်ယူအားနည်းလာခြင်းဖြစ်ကြောင်း သိရသည်။


‘သနပ်ခါးကုန်ကြမ်း (သနပ်ခါးအတုံး) ဝယ်ယူအား ကျလာတာက စိုက်ပျိုးဧရိယာတွေ ပိုလာတာရော၊ သနပ်ခါးအတုံး အသုံးပြုမှုတွေ နည်းလာတာရောကြောင့် ကျလာတာပါ’ဟု မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း CEO အဖွဲ့ဝင် ဦးသန်းမြင့်က ပြောသည်။


မြန်မာနိုင်ငံတွင် သနပ်ခါးကို အပူပိုင်းဒေသများတွင် စိုက်ပျိုးလေ့ရှိပြီး ရှင်မတောင်၊ ရွှေဘို၊ အရာတော်၊ လင်းခေး စသည် သနပ်ခါးအမျိုးအစားများ စိုက်ပျိုးကြောင်း သိရသည်။ မြန်မာ့သနပ်ခါးကို ကမ္ဘာကသိအောင်၊ ဝယ်ယူမှုမြင့်တက်လာအောင် မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဆောင်ရွက်လျက်ရှိသည်။


“သနပ်ခါးရောင်းအား တဖြည်းဖြည်းနဲ့မြင့်လာမှာပါ။ ရောင်းအားမြင့်တက်လာအောင် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ ဆိုပြီးတော့ မြို့နယ်လေးမြို့နယ်မှာ စာပေဟောပြောပွဲ တွေလုပ်ပါတယ်။ နိုင်ငံခြားအထိရောက်ဖို့ သုတေသန တွေလုပ်နေပါတယ်’ဟု ဦးသန်းမြင့်က ပြောသည်။


မြန်မာ့သနပ်ခါးအား ဂျာမဏီ၊ ပြင်သစ် စသည့်နိုင်ငံများကို တင်ပို့နေပြီး သနပ်ခါးမှ အဆီထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ ၃ သိန်းမှ ၄ သိန်းကြားတွင်ရှိသည်ဟု သိရသည်။


အိမို့မို့ခိုင်

 

1