မော်လမြိုင် စက်တင်ဘာ ၇

မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်တွင် ကျောင်းသား ကျောင်းသူများသည် ပညာရေးတွင်သာ ထူးချွန်ရုံမျှမကဘဲ အနုပညာဘက်တွင်လည်း ဘက်စုံတော်သည့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာစေရန် ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် မျိုးဆက်သစ် လူငယ်များအနေဖြင့် အနုသုခုမပညာဖြင့် အနှစ်သာရရှိရှိ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို အဆင့်)ပြိုင်ပွဲကြီးတွင် ပြည်နယ်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် အစွမ်း ကုန်ကြိုးပမ်း ဆောင်ရွက်ပေးကြ ရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) တွင် မော်လမြိုင်တက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်း၊ သားဖွား သင်တန်းကျောင်း၊ ပညာရေးဒီဂရီ ကောလိပ်တို့၌ ပြိုင်ပွဲဝင်များက အမျိုးသား အမျိုးသမီးတစ်ဦးချင်း အကပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးကာပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 စည်သူ(ပြန်/ဆက်)