မော်လမြိုင် အောက်တိုဘာ ၂
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း(၂ဝ၂၅) ကောက်ယူနိုင်ရေးအတွက် ကြိုတင်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမက မွန်ပြည်နယ်အနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၀ (ဂ)နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တမ်းမှရရှိသည့် အချက်အလက်များကို လေ့လာဆန်းစစ်ပြီး MSME ထုတ်လုပ်မှု အခန်းကဏ္ဍ မြင့်မားတိုးတက်လာစေရေး မူဝါဒများ ချမှတ်ခြင်းနှင့် လုပ်ငန်းစီမံချက်များရေးဆွဲနိုင်ရန် သုတေသန ပြုဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ အသုံးပြုနိုင်မည်ဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၅) အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများကို စစ်တမ်းကောက်ယူရေး လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒေါ်ဖြူပြာထွန်းက MSME စစ်တမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂ဝ၂၅) ကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


