ပေါင် ၂၉ မတ်
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ အသက် ၈၅နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူးကျော်ကျော်မင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဆွေ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကို သထုံခရိုင်လူမှုဝန်ထမ်းမှ ဌာနစိတ်မှူး ဒေါ်မေရတနာထွန်းတို့က သက်ကြီးဘိုးဘွား( ၁၀၆၁ )ဦးအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ခေါင်းစဉ်ဖြင့် အသက်( ၈၅ )နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးခြင်းဖြစ်ပြီး အသက် ၈၅ နှစ်ပြည့်ပြီးသူ ဘိုးဘွားများအနေဖြင့် လူမှုရေး ပင်စင်လျှောက်ထားမှုများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ စာရင်းပေးပို့ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသည့် ကျေးရွာများတွင် ဘင်္ဂါလီများခိုးဝင်လာနိုင်သည့်အတွက် လုံခြုံရေးသတိထားကြစေလိုကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိကြောင်း၊ စည်းကမ်းမဲ့ဆောင်းဘောက်ဖွင့်လှစ်နေသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးကိစ္စများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးဆိုင်ရာကိစ္စများတို့ကို ဆွေးနွေးမှာကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)


