မော်လမြိုင် ဩဂုတ် ၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် ကဒုံစီးတိုက်ကျောင်း ပညာဓိကဗိမာန်၌ ကျင်းပသည့် ပေါင်မြို့နယ်အတွင်း လေဘေးသင့် ပြည်သူများအား အလှူငွေပေးအပ်ခြင်းနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုက်ထီးဆောင်း ဆံတော်ရှင် ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပနှင့် ဆရာတော်ကြီးများအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပေါင်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကျိုက်ထီးဆောင်းဆရာတော်ကြီး လှူဒါန်းသော လှူဒါန်းပစ္စည်းတန်ဖိုးငွေကျပ် ၉၅၉၃၄၀၀၀ နှင့် သိန်း ၃၀၀ စုစုပေါင်းလှူဒါန်း ငွေကျပ် ၁၂၅၉၃၄၀၀၀ ကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဦးလှထွန်း (ကိုလှထွန်းငရုတ်သီးမှုန့် လုပ်ငန်းမိသားစု)က လှူဒါန်းငွေကျပ်သိန်း ၅၀၀နှင့် ဦးတင်လှိုင် (ကျော်ကြားအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမိသားစု)က လှူဒါန်းငွေကျပ် ၂၄၆ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း လက်ခံရယူသည်။
ယင်းနောက် ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှူဒါန်းပစ္စည်းများနှင့် လုံးဝပျက်စီးနေအိမ် ၁၂၅ လုံးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ ငွေကျပ် ၆၂ ဒသမ ၅ သန်းနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁၆၀ အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ၄၈ သန်းကို ပေးအပ် ကြပြီး လေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပေါင်မြို့ပေါ်ရပ်ကွက်များ အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့မှုများကို လှည့်လည်ကြည့်ရှုပြီး ပြုပြင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသဥ ပြည်နယ်ခန်းမ၌ကျင်းပသည့် အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် မွန်ပြည်နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ယာယီ နေရပ်စွန့်ခွာ အိမ်ထောင်စု ၄၃၀၂ စု၊ လူဦးရေ ၁၉၈၂၁ ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်၂၀၀၀၀ နှုန်းဖြင့် သုံးလစာထောက်ပံ့ငွေကျပ် ၁၁၈၉ ဒသမ ၂၆၀ သန်းကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံး သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ အလှူပစ္စည်းများ သိုလှောင် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


