မော်လမြိုင် စက်တင်ဘာ ၈
၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းဓမ္မာရုံ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မော်လမြိုင်မြို့နယ်မှ ဆရာ ဆရာမများက “စာတတ်မြောက်ရေး လူတိုင်း အရေး” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စဉ်ဆက် ပညာရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မွန်ပြည်နယ်မြို့နယ် ရှစ်မြို့နယ်တို့တွင် စာသင်သား ၇၈၄၁ ဦး၊ စာသင်ဝိုင်း ၅၈၃ ဝိုင်း၊ နည်းပြ ၆၁၆ ဦးနှင့် ကြီးကြပ် ၇ဝ တို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးတွင် လူတိုင်းပါဝင်သင်ကြားနိုင်ရန် ကျောင်းသင်ပညာရေး (Formal Education)နှင့်အတူ ကျောင်းပြင်ပ ပညာရေး (Non- Formal Education) တို့ဖြင့် သင်ကြားနိုင်ရန် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြပြီး လူသားတစ်ဦးချင်းစီကလည်း “စာမတတ်သူ ဝိုင်းလို့ကူ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်မှုမှတ်တမ်း Video Clip ကိုပြသပြီး အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာသင်ကျောင်းမှ ခေါင်းလောင်းသံ” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို လည်းကောင်း၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသည့် ဆရာ ဆရာမများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


