မော်လမြိုင် ၇ မေ
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ တည်ဆောက်ရာတွင် မသန်စွမ်းသူများအတွက်ပါ အဆင်ပြေစေရန် ထည့်သွင်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။
မေ ၆ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ တည်ဆောက်သည့်ကိစ္စနှင့် ပတ်သက်၍ သိရှိလိုသော မေးခွန်းအပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်နယ်အတွင်းမှာ Shelter Home များ တည်ဆောက်တဲ့နေရာမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနဲ့ အညီ ထိခိုက်လွယ်တဲ့ အုပ်စုဖြစ်ကြတဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မျက်စိမမြင် နားမကြားသူများအပါအဝင် အခြားကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် သွားလာမှုလွယ်ကူစေရန် တင်ဒါအောင် ကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်” ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာထိန်လင်းက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းအပြင် ပြည်သူများမှ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ထိခိုက်လွယ်တဲ့အုပ်စုများ အဆင်ပြေနိုင်စေရေးအတွက် ဦးစားပေး ကူညီစောင့်ရှောက်မှုများလည်း ထည့်သွင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောသည်။
“ ၂၀၁၃ ခုနှစ်ကတည်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ပြဌာန်းခဲ့ပြီးဖြစ်တယ်။ နည်းဥပဒေကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီဘဏ္ဍာနှစ်မှာ လွှတ်တော်ကို တင်ပြထားပြီးလည်း ဖြစ်ပါတယ်။ လျားထားချက်ထဲမှာ Shelter Home တည်ဆောက်ဖို့လည်း ပါတယ်။ ဒါကြောင့် ဇာတ်တိုက်လေ့ကျင့်မှုလုပ်တဲ့ အခါမှာလည်း မျက်မမြင်တွေ၊ ခန္ဓာကိုယ် မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် Shelter Home တွေအပေါ် အဆင်ပြေအောင် လုပ်ထားပေးဖို့ လိုအပ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ၅၆ ကြိမ်၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု (၆)ကြိမ်တို့ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက လုံခြုံစိတ်ချသောနေရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Shelter Home များအား ဘီးလင်းမြို့နယ်တွင် ၂ လုံးနှင့် ချောင်းဆုံမြို့နယ်တွင် ၃ လုံးကို တည်ဆောက်ရန်အတွက် လျာထားစီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


