မန်းရွှေစက်တော်ဘုရားပွဲသို့  လှည်းယဉ်များဖြင့် ဘုရားဖူးသွားကြသည့်  မင်းလှကျင်းကျေးရွာသားများ၏  ချစ်စရာဓလေ့ 

မောင်မောင်(မင်းဘူး)

မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။

ရှေးယခင်က မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်းနှင့် ငဖဲမြို့နယ်များမှ ဒေသခံ ပြည်သူများကလည်း မန်းရွှေစက်တော်ဘုရား ပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက် ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် မင်းလှကျင်း ကျေးရွာကသာ လှည်းယဉ်များဖြင့်  ဘုရားဖူး သွားရောက်ကြသည့်  ချစ်စရာရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် မန်းရွှေစက်တော်ဘုရား ပွဲတော်သို့ လှည်းယဉ်တန်းများဖြင့် ရှေးယခင် ကတည်းက နှစ်စဉ်ဘုရားဖူးသွားရောက်လေ့ရှိရာ ယခုနှစ် မတ် ၂၁ ရက်က လှည်းအစီးရေ ၃၇ စီးဖြင့် ပျော်ပျော်ပါးပါး ဘုရားဖူးသွားရောက်ခဲ့ကြသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက် အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း၌ ရက်အရှည်ကြာဆုံးသော  ဘုရားပွဲတော်ကြီးတစ်ခု ဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မင်းလှကျင်းကျေးရွာသည် မင်းဘူး(စကု)မြို့နယ် နှင့် မိုင် ၂၀ ကျော်ဝေးပြီး အဆိုပါကျေးရွာနှင့် မန်းရွှေစက်တော် ဘုရားကြီးသည် ၁၃  မိုင်ခန့်သာ ကွာဝေးသည်။ ဒေသခံပြည်သူများသည် မိရိုးဖလာတောင်ယာ လုပ်ငန်းဖြင့် စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်းပြု၍ အများဆုံးလုပ်ကိုင်ကြသည်။ ယခင်က လက်ရက်ကန်း (အထည်ရက်) လုပ်ငန်း၊ ဝါးနှီးဖျာ၍ သက်ငယ်ရက် လုပ်ငန်းနှင့် ဝါးထရံရက် လုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ရှိကြောင်း၊ ယနေ့ခေတ်တွင်မူ တောင်ယာလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်လျက်ရှိပြီး လက်မှုလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာကြောင်းလည်း သိရသည်။

 

mdn

 

မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် ရှေးယခင် နှစ်ပေါင်းများစွာကပင် မန်းရွှေစက်တော်သို့ လှည်းတန်းများဖြင့် ဘုရားဖူး သွားရောက်လေ့ရှိကြသည်။ ထိုသို့ လှည်းယဉ်များ ဖြင့် ဘုရားဖူးသွားရောက်ရာတွင် ဒေသခံပြည်သူများက ဘုရားဖူးသွားမည့်နေ့တွင် လှည်းယဉ်များကို ကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်စစ်ဆေးခြင်း၊ ဘုရားရောက်ချိန် အပန်းဖြေအနားယူ ချက်ပြုတ်စားသောက်ရန်နှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ခြင်း၊ နွားများအတွက် နွားစာများ သယ်ဆောင်ခြင်း စသည့်ပြင်ဆင်မှုများကို ဘုရားဖူးလိုက်ပါမည့် ကျေးရွာသူ ကျေးရွာသားများက တက်ညီလက်ညီ ကြိုတင်လုပ်ဆောင်ကြသည်။ ထို့နောက် ဘုရားဖူးသွားရန် ရက်အနည်းငယ်အလိုတွင် စခန်းချ နေထိုင်မည့် မန်းချောင်းနံဘေး၌ လှည်းဝိုင်းအဖွဲ့ ခေါင်းဆောင်က ဦးဆောင်၍ အမျိုးသားများက ကြိုတင်သွားရောက်ပြီး ရွက်ဖျင်တဲ (နားနေဆောင်) ဆောက်လုပ်ခြင်းကို ဦးစွာဆောင်ရွက်ကြသည်။

ဘုရားဖူးသွားရောက်ရာတွင် ကျေးရွာအတွင်း သက်ကြီးဘိုးဘွားများနှင့် လှည်းမရှိသူများသာ ကျန်ခဲ့ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ်များက လှည်းယဉ်များဖြင့်လည်းကောင်း၊ ကားဖြင့် လည်းကောင်း ယနေ့အထိတိုင် နှစ်စဉ် သွားရောက်ကြသည်။ လှည်းဖြင့်သွားရောက်သည့် လူငယ်များက ကျေးရွာအထွက်မှစတင်ပြီး ဘုရားနားရောက်သည်အထိ လှမ်းလျှောက်ကာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ စနောက်ကျီစယ်ရင်း အမော အပန်းဖြေဖျောက်၍ သွားကြသည်မှာလည်း ကြည်နူးဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်နိုင်သည်။

ယခုနှစ်တွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများ စုပေါင်းပြီး လှည်း ၃၇ စီးအတွက် အလှူငွေကျပ် ၁၅၀၀၀၀ နှင့် စေတနာရှင် အလှူရှင်တစ်ဦးက မြန်မာ့ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းသည့် လှည်းဝိုင်းအဖွဲ့ကို ဂုဏ်ပြု သည့်အနေဖြင့် အလှူ ငွေကျပ် ၅၀၀၀၀၀ တို့ကို လှည်းဝိုင်းအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံများထံ လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ကျေးရွာကလေးသည် မန်းရွှေစက်တော် ဘုရားပွဲတော်ချိန်ရောက်တိုင်း နှစ်စဉ် တပေါင်းလ ဆန်း ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် သွားရောက်လေ့ရှိပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့ ညနေပိုင်းမှသာ ပြန်လာလေ့ရှိကြောင်း၊ ဘုရားရောက်ချိန် ဆင်စခန်းအထက် မန်းချောင်းနံဘေးတွင် စခန်းချကာ ဘုရားကြီး၌ လေးညအိပ် ငါးရက်ကြာ လှည်းယဉ်များအနီး ရွက်ဖျင်တဲထိုး၍ ချက်ပြုတ် စားသောက်ကာ နေထိုင်လေ့ရှိသည်။

ဘုရားရောက်ချိန် အရုဏ်တက် နံနက်ခင်းအချိန်၌ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်၍ တစ်နှစ်တာကာလ တောင်ယာ လုပ်ငန်းဖြင့် ပင်ပန်းခဲ့သမျှ မန်းချောင်းနံဘေး ရေချိုးရင်း အပန်းဖြေအနားယူလေ့ရှိကြောင်း မင်းလှကျင်း ကျေးရွာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မောင်မောင်(မင်းဘူး)