မွန်ရိုးရာ ငါးနှပ်သောက်ဆမ်းဟင်း

၁၄ ဇူလိုင်

 

အခုတလောလေးမှာ ဈေးဘက်ရောက်တိုင်း ငါးဈေးတန်းထဲမှာ ငါးနှပ်တွေ ရောင်းနေတာတွေ့တော့ ကျောင်းသားဘဝတုန်းက ဆယ်ဗလာရွာမှာစားခဲ့ရတဲ့ ငါးနှပ်မွန်ဟင်းကို သတိသွားရမိပါတယ်။ ဘွဲ့ယူစာတမ်းဖြစ်တဲ့ ဓမင်းငါးဖမ်းကိရိယာအကြောင်းကို မွန်ပြည်နယ် ဘီလူးကျွန်း ၆၄ ရွာထဲက တစ်ရွာဖြစ်တဲ့ ဆယ်ဗလာရွာမှာ ကွင်းဆင်းပြီး ရေးရတာပါ။

 

တစ်ရွာလုံးလိုလိုက ရေလုပ်ငန်းလုပ်ကိုင်တဲ့ မွန်တိုင်းရင်းသားတွေဖြစ်လို့ မွန်ရိုးရာ ဟင်းလျာတွေကို စားဖြစ်ရင်းက နှစ်နှစ် ခြိုက်ခြိုက် ကြိုက်သွားတာပါ။ ငါးနှပ်ဆိုတာက အကြေးခွံမပါတဲ့ အဖြူရောင်နောက်နောက် ပင်လယ်ငါးတစ်မျိုးပါ။ ငါးနှပ်ကို တန်းထိုးပြီး လှန်းလို့ ခြောက်သွားတဲ့ ငါးနှပ်ခြောက်ကိုတော့ အာဗြဲခြောက်လို့လည်း ခေါ်ကြပါတယ်။

 

အဲဒီငါးနှပ်ကို မွန်ရိုးရာအတိုင်း အရည် ကလေးနဲ့ သောက်ဆမ်းချက်ထားရင် စားဖူး သူတိုင်း ကြိုက်နှစ်သက်သွားကြတာချည်းပါ။ ငါးနှပ်သောက်ဆမ်းချက်မယ်ဆိုရင် မပါမဖြစ်တာက မရမ်းပြားပါ။ မွန်ဟင်းတိုင်းလိုလိုမှာ အချဉ်အတွက်ဆို မရမ်းပြားသုံးကြပါတယ်။ ငါးနှပ်သောက်ဆမ်း ချက်တော့မယ်ဆိုရင် ငါးနှပ်ကို ခေါင်း၊ အမြီးနဲ့ ရေယက်များသန့်စင်ပြီး နှစ်ပိုင်းလောက်ပိုင်းကာ မျှင်ငါးပိနဲ့ နယ်ထားပါ။

 

စပါးလင် သုံးချောင်းလောက်ထုပြီး အသင့်ထုံးထားပါ။ ကြက်သွန်ဖြူ၊ နီရောထောင်းပြီးရင်တော့ ဟင်းအိုးပြင်လို့ရပါပြီ။ သောက်ဆမ်းဟင်းချက်မယ့် အိုးကျယ်ကျယ် တစ်လုံးထဲကို အသင့်နယ်ထားတဲ့ ငါးနှပ်ပိုင်းများထည့်။ ဆား၊ နနွင်း သင့်ရုံခပ်။ ကြက်သွန် ထောင်းပြီးသား အရောထည့်ကာ အထက်အောက် နှံ့အောင်မွှေ။ ဆီပါလေကာဝေ့ဆမ်း။ ငါးမြုပ်သည်အထိ ရေထည့်ပြီး ဖိုပေါ်တည်ပါတယ်။

 

ဟင်းအိုးပွက်ပွက်ဆူလာတဲ့အခါ ပွလာအောင် ရေစိမ်ထားတဲ့ မရမ်းပြားများကို ဆယ်ပြီးထည့်ပါ။ ငါးမကြေသွားအောင် အိုးကိုလှည့်ပြီး လှုပ်ရုံလှုပ်ပေးပါ။ ဟင်းရည်ပေါပေါ အနေမှာ ပွက်ပွက်ဆူလာရင် အသင့်ပြင်ထားတဲ့ ငရုတ်သီးစိမ်းတောင့် ခွဲခြမ်းနဲ့ လှီးဖြတ်ထားတဲ့ ရှမ်းနံနံအုပ်၊ ငရုတ်ကောင်းမှုန့်ခပ်ကာ အပေါ့အငန်မြည်းပြီး ဖိုမှချပါ။ ငါးနှပ်အရသာ ချိုမြမြမှာ စပါးလင်နံ့လေးသင်းနေတဲ့ ပူပူ လောင်လောင်၊ ချဉ်ချဉ်စပ်စပ် မွန်ရိုးရာ ငါးနှပ် အရည်သောက်ဟင်းလျာကို ဧကန်မုချ ကြိုက်ကြမှာပါ။

 

စံလွင်(ငါးဦးစီး)