မွန်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန် ရည်ရွယ်ပြီး ထာဝစဉ်မမေ့ မွန်မှုဓလေ့ ဖျော်ဖြေပွဲကျင်းပ

ရန်ကုန် ၃၀  စက်တင်ဘာ

 

မွန်ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန် ရည်ရွယ်ပြီး မွန်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ကြီးမှူး၍ ထာဝစဉ်မမေ့ မွန်မှုဓလေ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ကာ ရန်ကုန်မြို့ သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် ကျင်းပရာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက် အားပေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ မွန်ရိုးရာအိမ်တွင် မွန်ဓလေ့ရိုးရာ ထိမ်းမြား  လက်ထပ်မင်္ဂလာကို သရုပ်ပြကျင်းပပြီး ပြည်ထောင်စုခန်းမတွင် မွန်တေးဂီတအဖွဲ့၊ မွန်စာပေနှင့် ယဉ်ကျေးမှု တက္ကသိုလ်များ(ရန်ကုန်)တို့မှ အနုပညာရှင်များက ရိုးရာတေးသီချင်းများ၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

 

ထို့နောက် မွန်းလွဲပိုင်းက ပြည်ထောင်စုခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ထာဝစဉ်မမေ့ မွန်မှုဓလေ့ ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မွန်တိုင်းရင်းသားများအနေဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံစံများ မပျောက်ပျက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မွန်မျိုးဆက်သစ် လူငယ်များကိုစည်းရုံးပြီး ယဉ်ကျေးမှုဓလေ့ပွဲတော်များ ကျင်းပပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ မွန်မျိုးဆက်သစ်လူငယ်များ မွန်စာပေနှင့် မွန်ဘာသာစကား တတ်ကျွမ်းစွာပြောဆို နိုင်ရန် အားလုံးတာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုပါကြောင်း အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများသည် တန်းဖိုးကြီးပါကြောင်း၊  မြန်မာနိုင်ငံတွင် တိုင်းသားအားလုံး စုစည်းနေထိုင်ကြကြောင်း၊ မတူညီသည့် ယဉ်ကျေးမှုဓလေ့ထုံတမ်းများ ရှိပါကြောင်း၊ တူညီမှုများလည်း ရှိပါကြောင်း၊ ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာဖြင့် ယဉ်ကျေးမှုအားလုံး ရှင်သန်ခွင့်ရမည်ဖြစ်ပါကြောင်း၊ ဘာသာစကားတစ်ခု ပျောက်ဆုံးသွားပါက တိုင်းပြည်၏ တန်းဖိုးရှိသည့် ရတနာ ဆုံးရှုံးသွားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်ချို့တိုင်းရင်းသား စာပေယဉ်ကျေးမှုများသည် တဖြည်းဖြည်း လူနည်းစု ပြောစကားအဖြစ်သာ တွေ့လာရပါကြောင်း၊ ထိုကဲ့သို့ဖြစ်မသွားရန် စာပေ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်းများမှ ယဉ်ကျေးမှု ဘာသာစကားများကို စနစ်တကျ ပြုစုပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဌ နိုင်စိုးအောင်က အမှာစကား ပြောကြားပြီး မွန်ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့၊ မွန်လူငယ် (ရန်ု်ကုန်) တို့က ရိုးရာတေးသီချင်း၊ ရိုးရာအက အလှများ၊ ရန်ကုန်အခြေပြု မွန်လူမှုအဖွဲ့က ရိုးရာမိတ်ဆက်ခြင်း၊ မွန်ဇာတ်အဖွဲ့က အငြိမ့်တင်ဆက်မှုများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

ယနေ့အခမ်းအနားတွင် မွန်လူမျိုးတို့၏ ရှေးဟောင်းယဉ်ကျေးပြကွက်များကို ပြသထားပြီး မွန်လူမျိုးတို့၏ သမိုင်းအမွေအနှစ်ဆိုင်ရာ စာအုပ်စာပေများ၊ မွန်ရိုးရာဝတ်စုံများနှင့် မွန်ရိုးရာအစားစာများကို ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။

 

 (သတင်း၊မင်းသစ်(MNA)/ဓာတ်ပုံ၊ ရဲထွဋ်)