မန္တလေး ၁၀ မတ်
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အကွက်ဥယျာဉ်တန်းအမှတ် ၄၁၅/N-3 တွင် မတ်လ ၁၀ရက် နံနက် ၁၀နာရီ ၄၁ မိနစ်ခန့်က ပိုင်ရှင် ဦးဖိုးထွေးနေထိုင်သော ၁၀ ပေX ပေ ၂၀ သွပ်မိုး ထရံကာ ၂ထပ်နေအိမ်အပေါ်ထပ် ထရံ၌ ချိတ်ဆွဲပြီး TV သို့ သွယ်တန်းထားသော Safe Guard ဝါယာကြိုး အပူလွန်ကဲရာမှ အနီးရှိ ထရံသို့မီးကူးစက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် အနီးဝန်းကျင်ရှိ ၁၀ X ၂၀ ပေ ထရံကာ ၂ ထပ်နေအိမ် ၂ လုံး၊ ၁၀ x ၁၈ ပေ ထရံကာ ၂ ထပ်အိမ် ၂ လုံး၊ ၁၀ x ၂၀ ပေ သွပ်မိုးထရံကာ နေအိမ်၃လုံး၊ ၁၀ x ၂၀ ပေပျဉ်ထောင် ၂ ထပ်အိမ် ၂ လုံး၊ ၂၀ x ၂၅ ပေ ပျဉ်ထောင် ၂ ထပ်အိမ် ၂ လုံး၊ ၁၂ x ၃၀ ပေ၊ ၁၅ x ၃၀ ပေ၊ ၂၀ x ၃၀ နံကပ် ၂ ထပ်အိမ် အပေါ်ထပ် ၃ လုံး စုစုပေါင်း နေအိမ် ၁၄လုံး ကူးစက်လောင်ကျွမ်းခဲ့ပြီး မော်တော်ယာဉ်ရှေ့ လေကာမှန် မီးလောင်သွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ သန္ဓေ-အရန် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်သည့် နေအိမ်ရှင် ဦးဖိုးထွေးအား အမှတ် ၄ မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


