မန္တလေး ၁၉ ဧပြီ
နှစ်ပေါင်း ၁၀ဝ သက်တမ်းရှိသည့် ကင်မရာများ အပါအဝင် ခေတ်ဟောင်းကင်မရာများကို ပြသမည့် မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲကို ယခုလ ၂၃ ရက်မှ ၂၅ ရက် အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲတွင် ခေတ်ဟောင်း ကင်မရာပေါင်း ၂၀ဝ ခန့် ပြသသွားမည်ဖြစ်ပြီး ဖလင်ကူးသည့် ပြခန်းများ၊ ခေတ်ဟောင်းကင်မရာဖြင့် ရိုက်ထားသည့် ဓာတ်ပုံများလည်း ပြသမည်ဖြစ်ကြောင်း သိရသည်။
"ရှေးဟောင်း ကင်မရာတွေကို ၂၀ဝ၄ ခုနှစ်ကစပြီး စုဆောင်းခဲ့တယ်။ ရည်ရွယ်ချက်က ပြတိုက် အသေးလေးပြဖို့ ရည်ရွယ်ထားတယ်။ အခုလို ပြပွဲလုပ်ရတာကတော့ ခေတ်ဟောင်း ကင်မရာတွေကို တစ်နေရာထဲမှာ တစုတစည်းထဲ ကြည့်လို့ရအောင် ပြသတာပါ'' ဟု ခေတ်ဟောင်းကင်မရာများကို စုဆောင်းသူ ကိုကျော်သက်မင်းက ပြောသည်။
မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲတွင် ၁၉၀၈ ခုနှစ်ထုတ် ကင်မရာများမှ ယနေ့ခေတ်အထိ ကင်မရာများ ပါဝင်မည်ဖြစ်ပြီး ဟံသာဝတီဦးဝင်းတင် ကိုင်ဆောင်ခဲ့သည့် ကင်မရာလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါပြပွဲကို ဧပြီလ ၂၃ ရက်၊ ၂၄ ရက်၊ ၂၅ ရက်မှာ မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။
ခေတ်ဟောင်းကင်မရာပြပွဲကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရန်ကုန်မြို့တွင် ပြသခဲ့သည်။
အိမို့မို့ခိုင်


