မန္တလေး ၂၆ မတ်


မန္တလေးမြို့ ကျုံးဘေးရှိ သင်္ကြန်ရေကစားမဏ္ဍပ်များကို မတ် ၂၃ ရက်မှ စတင်ဆောက်လုပ်ခွင့်ပြုခဲ့ပြီးလာမည့် ဧပြီ ၇ ရက်တွင် အပြီးဆောက် လုပ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 


ယင်းသင်္ကြန် ရေကစားမဏ္ဍပ်များကို သင်္ကြန်မတိုင်မီတွင် မဏ္ဍပ်ကြံ့ခိုင်မှု ရှိမရှိ စစ်ဆေးနိုင်ရန်နှင့် သတ်မှတ်ထားသော စည်းကမ်းများကို စစ်ဆေးနိုင်ရန် လာမည့်ဧပြီ ၇ ရက်တွင် အပြီးဆောက်လုပ်ရမည် ဖြစ်သည်။

 

1


" မဏ္ဍပ်ပေါ်မှာ အထပ်ပိုဆောက်တာ တွေမလုပ်ရဘူး။  သတ်မှတ်ရက်အတွင်းတော့ အပြီးဆောက်ရမယ်။ ပြီးတော့ ရေကစားမဏ္ဍပ်တွေ ဆောက်တဲ့အခါ အလုံပိတ်ထားတဲ့ပုံစံ အခန်းတွေကိုပါ ထည့်သွင်း မဆောက်လုပ်ကြဖို့ ညွှန်ကြားထားတယ်။ ဒါတွေနဲ့ကိုက်ညီမှု ရှိ မရှိကို သင်္ကြန်မတိုင်ခင်မှာ စစ်ဆေးမယ်။ တွေ့ရှိရင်တော့ အရေးယူသင့်ရင် ယူမယ်။ ပိတ်သိမ်းသင့်ရင် ပိတ်သိမ်းမှာပေါ့ " ဟု အခွန်ဌာနမှူး ဦးသက်နိုင်က ပြောသည်။


သင်္ကြန်ကာလတွင် မန္တလေးမြို့ ကျုံးအနောက်ဘက် လမ်း ၈၀ တွင် လေလံရရှိသည့် ရေကစားမဏ္ဍပ် (၇)ခုနှင့် ကျုံးမြောက်ဘက်တွင် ရေကစားမဏ္ဍပ် (၁)ခုရှိကြောင်းသိရသည်။ ကျုံးအနောက်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်များ ယခုနှစ်တွင် အာမခံငွေကို ငွေကျပ်သိန်း ၂၀ သာ သတ်မှတ်ထားသည်။

 

ယင်းရေကစား မဏ္ဍပ်များ စည်းကမ်းတကျ အမှိုက်စွန့်ပစ် နိုင်ရေးအတွက် အမှိုက်ပုံးများထားရှိပေးသွားမည်ဖြစ်ကာ ထားရှိပေးထားသည့် အမှိုက်ပုံးများ ပျက်စီးမှုများရှိပါက ၎င်းတို့ ပေးသွင်းထားသည့် အာမခံငွေထဲမှ ပြန်လည်နှုတ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။


သူရိန်လင်း

 

1