မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင်ခိုးမှု၊ လုယက်မှုဖြင့်ရောက်ရှိလာသောကလေး ၇၀ ရာခိုင်နှုန်းရှိ

မန္တလေးမြို့လူငယ်သင်တန်းကျောင်းတွင် ခိုးမှု၊ လုယက်မှုဖြင့် ရောက်ရှိလာသော ကလေး၇၀ ရာခိုင်နှုန်းရှိကြောင်း လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်ထံမှ သိရသည်။ 

 

အဆိုပါ လူငယ်သင်တန်းကျောင်းသို့ အထက်မြန်မာပြည် တရားရုံးအသီးသီးမှ ပြစ်ဒဏ်အသီးသီးချမှတ်ပြီး ပြစ်မှုကျူးလွန်မှု အလျောက် ရောက်ရှိလာသောကလေးများဖြစ်ပြီး ရောက်ရှိလာသောကလေးများမှာ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အဓမ္မခိုးယူပေါင်းသင်းမှု၊ ရိုက်မှု စသည့်ပြစ်မှုများနှင့် ရောက်လာသည့် ကလေးများနှင့် လမ်းပေါ်နေ ကလေးများရောက်ရှိလာကြသူများဖြစ်သည်။

 

"ကလေးသူငယ်တွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား လှုပ်ရှားမှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုတွေ လုပ်ပေးတယ်။ လူမှုရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးတယ်။ စိတ်ခံစားမှု၊ ဖိစီးမှုတွေကို ပြေလျော့စေပြီး၊ စိတ်ဓါတ်နဲ့ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာအောင် ဆောင်ရွက်ပေးတယ် "ဟု ၎င်းကပြောသည်။ 

 

လူငယ်သင်တန်းကျောင်းသို့ ပြစ်မှုများဖြင့်ရောက်ရှိလာသော ကလေးများသည် မိဘအုပ်ထိန်းမှု၊ သွန်သင်ဆုံးမပြောဆိုမှုနည်းသည့်အပြင် အတန်းပညာသင်ကြားတတ်မြောက်မှုမရှိသည့် ကလေးများဖြစ်၍ တွေးခေါ်မှုပိုင်းနှင့် စဉ်းစားဆင်ခြင်မှုများ အားနည်းကြကြောင်း သိရသည်။

 

အဆိုပါကျောင်းသို့ ပြစ်မှုများဖြင့်ရောက်ရှိလာသောကလေးများတွင် ခိုးမှု၊ လုယက်မှုဖြင့်ရောက်ရှိလာသော ကလေး ၇၀ရာခိုင်နှုန်း၊ မူးယစ်ဆေးဝါးမှုဖြင့်ရောက် ရှိလာသောကလေး ၁၀ရာခိုင်နှုန်း နှင့်မုဒိမ်း မှု၊ ရိုက်မှုဖြင့်ရောက်ရှိလာသော ကလေး ၁၀ရာခိုင်နှုန်း၊ အခြားပြစ်မှု ၅ ရာခိုင်နှုန်း၊ လမ်းပေါ်နေကလေး ၅ ရာခိုင်နှုန်း တို့ဖြစ်ကာ မန္တလေးမြို့၊ ရှမ်းပြည်နယ်တို့မှ ကလေးများ အများဆုံး ရောက်ရှိကြကြောင်း သိရသည်။

 

သင်တန်းကျောင်းသို့ ၂၀၁၇ ခုနှစ်ကရောက်ရှိလာသော ကလေးဦးရေ ၃၀ဝ ရှိခဲ့ပြီး ယခုနှစ်တွင် ၃၆၁ ဦးကျော်ထိ ရောက်ရှိလာကြောင်း သိရသည်။

 

သူရိန်လင်း