မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံဂျပန်စကားပြော သင်တန်းဖွင့်လှစ် မည်သူမဆို အခမဲ့လာရောက်သင်ကြားနိုင်

ပြည်ကြီးတံခွန် ၁၃ ဇန်နဝါရီ 

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံဂျပန်စကားပြောသင်တန်း ဖွင့်လှစ်လျက်ရှိရာ မည်သူမဆိုအခမဲ့ လာရောက်သင်ကြားနိုင်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

 

အဆိုပါ သင်တန်းကို လူထုအခြေပြုဗဟိုဌာနတွင် ဇန်နဝါရီ ၁၂ ရက်တွင် သင်တန်းသား သင်တန်းသူ (၅၀)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့လာရောက် သင်ကြားနိုင်ကြောင်း၊ သင်တန်းကြာလမှာ (၃)လကြာမြင့်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းကိုလည်း အခမဲ့ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

 

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စာဖတ်ဝိုင်းများ၊ ဆွေးနွေးများ၊ ပြပွဲပြိုင်ပွဲများ၊ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း၊ အခမဲ့အခြေခံအင်္ဂလိပ် စကားပြောသင်တန်း၊ အခမဲ့ အခြေခံဂျပန် စကားပြောသင်တန်း အစရှိသော အခမဲ့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ အဆိုပါသင်တန်းများအား တက်ရောက်လိုသူများအနေဖြင့် လူထုအခြေပြုဗဟိုဌာန ဖုန်း ဝ၂-၈၀၉၈၈ သို့ ဆက်သွယ်စာရင်းပေးသွင်းပြီး လာရောက်သင်ကြားနိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)