မန္တလေးမြို့ မှ ရှင်သန်ဆဲမြန်မာလက်မှုအနုပညာ ရွှေချည်ထိုးလုပ်ငန်း

မန္တလေး ၂၂ ဇန်နဝါရီ


ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ရှင်သန်ဆဲ မြန်မာ့လက်မှုအနုပညာများစွာရှိသည်။ အဆိုပါ လုပ်ငန်းများထဲတွင် ရွှေချည်ထိုးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းသည် ပန်း(၁၀)မျိုး အတတ်ပညာတွင် မပါဝင်သော်လည်း ပန်းချီပညာ မပါလျှင် လုပ်ကိုင်၍ မရသော လုပ်ငန်းတစ်ခုဖြစ်သည်။    

 

123


ရွှေချည်ထိုးကားများကို ယခင်ပြည်ပ တင်ပို့မှုရှိသော်လည်း ယခုအခါ ပြည်တွင်း၌သာ အသုံးပြုမှု များပြားကြောင်း၊ အခမ်းအနား၊ အလှူမင်္ဂလာ၊ ကုမ္ပဏီ၊ ရုံးခန်းတို့တွင် အလှဆင်သည့်အရာ တစ်ခုဖြစ်သလို ရှင်ပြုပွဲများအတွက် မောင်ရှင်လောင်းဝတ်စုံများ၊ စလွယ်များ၊ ခေါင်းပေါင်း၊ ဇာတ်သဘင်နှင့် ဝင်းခင်းလှည့်လည်သည့် အခမ်းအနားများအတွက် နတ်၊ သကြားမင်း အဝတ်တန်ဆာ၊ ဝန်ကြီး၊ ဝန်ကလေး၊ အမတ်များဆောင်းသည့်  ဖော့လုံး၊ ဗောင်း၊ မှူးကြီးမတ်ရာ ဝတ်စုံများ၊ ရုပ်သေးရုပ်အဝတ်ဆန်ဆာများကို  ပြုလုပ်ပေးရကြောင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မှ ရွှေချည်ထိုးလုပ်ငန်းကို နှစ်ပေါင်း(၂၅)ကျော် လုပ်ကိုင်လာသူ ဒေါ်ချော က ပြောပြသည်။

 

123

 

ရွှေချည်ထိုးလုပ်ငန်း၏ အဓိကကုန်ကြမ်းမှာ ကတ္တီပါစဖြစ်ပြီး အခြားသော ပိတ်စဖြူ၊ ပိတ်စနက်၊ ဖဲ၊ ပိုးစ၊မိုင်းကိုင်စက္ကူ၊ဘော်ကြယ်(စီးကွင့်ခေါ်ရောင်စုံ ပလတ်စတစ်ကြယ်များ)၊ ရွှေချည်ကြိုး၊ ငွေချည်ကြိုး၊ အရောင်လက်နေသည့်ကြိုးမျှင်ကလေးများ(နာဂထာကြိုး)၊ ကျစ်ကြိုး၊ ပန်းကြိုး ၊ ရောင်စုံချက်ကျောက်၊ ဥကျောက်၊ ကော် စသည်တို့ အသုံးပြုရကြောင်း အဆိုပါ ကုန်ကြမ်းများကို အမရပူရမြို့နှင့်မန္တလေးမြို့များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်း၊ ရွှေချည်ထိုး လုပ်ငန်းပြုလုပ်ရာတွင် ကားကြက်ခြင်း၊ ပုံရေးအကွက်ဖော်ခြင်း၊ ချည်ထိုးခြင်းနှင့် ကော်ကပ်ပုံဖော် ခြင်းတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

123


ရွှေချည်ထိုးထည်များကို အရုပ်ပြား၊ အရုပ်ဖောင်း ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေချည်ထိုးလုပ်ငန်းမှာ ပန်းချီ၊ အပ်ချုပ်၊ ကျောက်စီ၊ ကြယ်ခတ် စသည်ဖြင့် ကဏ္ဍများစွာ ပါဝင်ပတ်သက်နေသော လုပ်ငန်းဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းမှာ ပန်းချီ၊ပန်းပုလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ရွှေချည်ထိုးလုပ်ငန်းတွင် ပန်းချီပညာမှာ အဓိကကျသလို အလှဘောင်များဖြင့် ထည့်သွင်းမှာယူသော ရွှေချည်ထိုးကားများအား ပန်းပုသမားများထံ အပ်နှံရကြောင်းသိရသည်။ ရွှေချည်ထိုး ပန်းချီကား၏ အရွယ်အစား အသေးအကြီး နှင့်လက်ရာများကို မူတည်၍ ပြုလုပ်ရသည့် အချိန်နှင့် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။ 

 

123


(၁၄)လက်မပတ်လည် ရွှေချည်ထိုးကားများကို တစ်ရက်အတွင်းပြီးစီးနိုင်သော်လည်း သီးသန့်မှာယူသည့်ပုံများမှာ အချိန်ပေးရသလို ဈေးနှုန်းလည်းမြင့်မားကြောင်း၊ ဇာတ်ကြီးဆယ်ဘွဲ့ပုံများ၊ မြန်မာဓလေ့ ထုံးတမ်းစဉ်လာ သရုပ်ဖော်ပုံများ၊ ဗုဒ္ဓဝင်၊ ရာဇဝင်၊ ဆယ့်နှစ်လရာသီပွဲသဘင်များ၊  သဘာဝရှုခင်းပုံများနှင့် အခြား သီးသန့်ပုံများလည်း ဘော်ဒါမှာယူကြကြောင်း ၊ ဈေးနှုန်းများမှာ အရွယ်အစား လက်ရာများပေါ် မူတည်၍ ငွေကျပ် နှစ်သောင်းမှ အများဆုံး ငွေကျပ် (၁၀) သိန်းကျော်ထိရှိကြောင်း သိရသည်။

 

123


ရွှေချည်ထိုးပန်းချီကားများအား မန္တလေးမြို့ရောက် ပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက် လေ့လာမှု ရှိသော်လည်း ဝယ်ယူမှုနည်းပါးကြောင်း၊ မန္တလေးမြို့တွင် ရွှေချည်ထိုးလုပ်ငန်း လုပ်ကိုင်သူ များစွာရှိသော်လည်း ယခုနောက်ပိုင်းတွင် လုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာကြောင်းလည်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)

 

123