မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ပထမဆုံးအကြိမ် ခရစ္စမတ်နှင့် နှစ်သစ်ကူးအကြို ဈေးရောင်းပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပမည်

မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ပထမဆုံးအကြိမ် ခရစ္စမတ်နှင့် နှစ်သစ်ကူးအကြို ဈေးရောင်းပွဲနှင့် ဖျော်ဖြေပွဲကို အခုလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ဈေးရောင်းပွဲတော်၊ ကလေးများအတွက် ပျော်ရွင်ဖွယ်ကစားစရာများ၊ တိရစ္ဆာန်ပြကွက်များ၊ တေးဂီတဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်သည်။ 

“ရည်ရွယ်တာကတော့ မန္တလေး ရတနာပုံဥယျာဉ်ဆိုတာကို မြို့သူမြို့သားတွေ သိစေချင်တယ်။ ဥယျာဉ်မှာ ဘာတွေရှိပြီး ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာတွေကို လူသိများလာအောင် လုပ်တဲ့သဘောပါ” ဟု တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) အုပ်ချုပ်ရေးမန်နေဂျာ ဦးဗညားဦးက ပြောသည်။ 

အဆိုပါပွဲတော်ကို တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အဝင်ပေါက် ရေတံခွန်အဝိုင်းအနီးတွင် ပြုလုပ်မည်ဖြစ်ရာ Unpluged Show တေးဂီတဖျော်ဖြေမှုများနှင့် မျောက်လိမ္မာ၊ ဝက်ဝံလိမ္မာ၊ ဆင်လိမ္မာတို့၏ ဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင်  တနင်္ဂနွေနေ့တိုင်း ပုံမှန်ပြသသည့် တိရစ္ဆာန်ပြကွက်များကို ပွဲတော်ရက်အတွင်း နေ့လယ် ၂ နာရီမှ စတင်ကပြသသွားမည် ဖြစ်သည်။

ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်း ၂၅ ခန်း ပါဝင်ရောင်းချမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အစားအစာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ လက်ဆေးပန်းချီနင့် ရုပ်သေးရုပ်ဆိုင်ခန်းများ၊ ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းများ၊ တိရစ္ဆာန်လိမ္မာကပွဲများနှင့် မျက်နှာဆေးရေးပန်းချီတိ့ု ပါဝင်မှာဖြစ်ကြောင်း သိရသည်။

ပွဲတော်ရက်အတွင်း ဝင်ကြေးကို ပုံမှန်အတိုင်း လူကြီး ၁၀၀၀ ကျပ် ၊ ကလေး ၅၀၀ ကျပ် ၊ သံဃာနှင့်သီလရှင် ၂၀၀ ကျပ် ၊ နိုင်ငံခြားသား လူကြီး ၂၀၀၀ ကျပ် ၊ ကလေး ၁၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် အကောင်ရေ ၁၀၉၅ ရှိပြီး  နို့တိုက်သတ္တဝါ ကျေးငှက်သတ္တဝါ တွားသတ္တဝါတို့ ပါဝင်သည်ဟု သိရသည်။

 

အိမို့မို့ခိုင်