မန္တလေး ၂  ဧပြီ

ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လေ့လာစရာနေရာများစွာ တည်ရှိလျက်ရှိရာ အဆိုပါနေရာများထဲမှ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းမအရှေ့ဘက်ရှိ၊ အမရပူရ ပထမမြို့တည်နန်းတည် ဗဒုံမင်းတရားကြီး ဘိုးတော်ဦးဝိုင်း တည်ထားကိုးကွယ်ခဲ့သော မဟာစန္ဒာမုနိ ဘုရားဝင်းအား ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာသင့်သော နေရာတစ်ခုအဖြစ် တင်ပြအပ်ပါသည်။

အဆိုပါ မဟာစန္ဒာမုနိဘုရားဝင်းအတွင်း၌ လေ့လာစရာနေရာများမှာ မဟာစန္ဒာမုနိဘုရားကြီး၊ နှစ်ပေါင်း (၂၃၀) ကျော် သက်တမ်းရှိ ကန်တော်မင်္ဂလာကြီး၊ ရဟန္တာရှစ်ဆယ်ဂူများအပြင် မြန်မာ့ရုပ်သေးရုပ်များ၊ ထီးလှလှကလေးများနှင့် သနပ်ခါးလိမ်း၍ ဓါတ်ပုံများ ရိုက်ကူးနိုင်သည့်အတွက် လာရောက်လေ့လာသင့်သော နေရာတစ်ခုဖြစ်သည်။

“ဒီနေရာကိုအခုနောက်ပိုင်း လာရောက်လေ့လာသူတွေ တော်တော်များလာတယ်၊ လပြည့်လကွယ်နဲ့ အခါကြီးရက်ကြီးတွေမှာဆို ပိုမိုစည်ကားပါတယ်။ လာရောက်လေ့လာသူတွေက ဒီဘုရားဝင်းထဲမှာ သုံးမျိုးလေ့လာလို့ရပါတယ်။ မဟာစန္ဒမုနိဘုရားကြီး၊ ရဟန္တာရှစ်ဆယ်ဂူများနဲ့ ကန်တော်မင်္ဂလာကြီး တို့ဖြစ်ပါတယ်။ အမှတ်တရ ဓါတ်ပုံရိုက်ကူးရန်  မြန်မာရုပ်သေးရုပ်လေးတွေ ချိတ်ဆွဲထားတာလည်းရှိတယ်၊ ထီးလှလှလေးတွေ ငှားရမ်းပြီးလည်း ဓါတ်ပုံရိုက်ကူးလို့ရသလို မြန်မာ့ရိုးရာ သနပ်ခါးလိမ်းစရာရှိတော့ လာရောက်သူတွေ စည်ကားလျက်ရှိပါတယ်။ ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှု များသော်လည်း ပြည်ပခရီးသွားတွေကတော့ တစ်ဦးစနှစ်ဦးစ လာရောက်လည်ပတ် လေ့လာမှုရှိပါတယ်။ အုပ်စုလိုက်ကားတွေနဲ့ လာတာမျိုးတော့ မရှိသေးပါဘူး၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ခရီးစဉ်တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ပါတယ်’’ ဟု အဆိုပါဘုရားဝင်းအတွင်း၌ ဈေးရောင်းချနေသူ တစ်ဦးက ပြောပြသည်။

 

mdn

 

အဆိုပါ မဟာစန္ဒာမုနိ ဘုရားဝင်းအတွင်းရှိ ကန်တော်မင်္ဂလာကြီးကို အမရပူရ မြို့တည်နန်းတည် ဗဒုံမင်းတရား (ခ) ဘိုးတော်ဦးဝိုင်းက မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် စတင်တူးဖော် ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာကြီးမှ အုတ်ချပ်ပေါင်း ဆယ်ကုဋေ ကိုးသန်း ရှစ်သိန်း ခုနှစ်သောင်း ငါးဆယ့် ငါးချပ် ကုန်ကျပြီး အပြင်တံတိုင်း၊ အတွင်းတံတိုင်းနှင့် တံတိုင်းနှစ်ထပ်ဖြစ်သည်။ အပြင်တံတိုင်း အလျား (၁၂၄) ပေလည်ရှိပြီး အတွင်းတံတိုင်းမှာ အလျား(၇၇)ပေ ဖြစ်သည်။ အတွင်းတံတိုင်း၏ ထောင့်လေးထောင့်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားသည်။ အပြင်တံတိုင်းမှ အတွင်းတံတိုင်းအထိ လှေခါးထစ်ပေါင်း (၁၉) ထစ်ရှိပြီး အပေါ်တံတိုင်း လှေခါးအောက်ဆုံးထစ်နှင့် အတွင်းတံတိုင်းအကြား (၅) ပေခန့် ကျယ်သော စင်္ကြန်ပတ်လမ်း တစ်ခုရှိသည်။ စင်္ကြန်ပတ်လမ်းမှ အောက်ရေပြင်အထိ (၃၅) ပေနက်ပြီး အထက်တံတိုင်း မြေပြင်မှ အောက်ရေပြင်ထိ (၅၅) ပေခန့် နက်သည်။ ကန်တော်မင်္ဂလာကြီး၏ ထူးခြားချက်မှာ (၁၂) လပတ်လုံး ရေများမပြတ် ထွက်နေခြင်းဖြစ်သည်။ ကန်တော်မင်္ဂလာကြီးအား ၂၀ဝ၇ ခုနှစ် ဇွန်လ ၂၈ ရက်တွင် စန္ဒာမုနိကျောင်းတိုက် ဦးစီးပဓါနဆရာတော် ဘဒ္ဒန္တနန္ဒိယ (မြို့နယ်သံဃနာယက) ဦးဆောင်ပြီး ဂေါပကအဖွဲ့ဝင်များ၊ ရပ်ဝေးရပ်နီးအသီးသီးမှ ကုသိုလ်ပြုသူများ စုပေါင်း၍ ပြန်လည်ပြုပြင်ခဲ့ရာ ၂၀ဝ၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ပြီးစီးခဲ့ကြောင်း ရှေးဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာ အကြီးစားပြုပြင်ခြင်း ကျောက်စာမှတ်တမ်းအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

 

mdn

 

mdn