မန္တလေး ၂၅ မတ်
သင်္ကြန်ကာလ ကျုံးပတ်လည်၌ ယာဉ်ရပ်နားရန် နေရာများ လေလံစနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ယာဉ်ရပ်နားခကို သတ်မှတ်နှုန်းထားထက် ပိုကောက်ပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ထံက သိရသည်။
ယခုနှစ် မန္တလေးမြို့ သင်္ကြန်ကာလတွင် ခရီးသွားပြည်သူများ လည်ပတ်သူများ၏ မော်တော်ယာဉ်များ ရပ်နားနိုင်ရန်အတွက် ကျုံးပတ်လည်နှင့် အနီးတစ်ဝိုက်တွင် ယာဉ်ရပ်နားရန် နေရာများကို လေလံစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"လမ်းလျှောက်သင်္ကြန်နဲ့ တောသင်္ကြန်လို နေရာမျိုးဆို ယာဉ်တွေ ဝင်ခွင့်မပေးပါဘူး။ အဲ့တာကြောင့် ဒီလိုနေရာမျိုးတွေကိုလာပြီး လည်ပတ်မယ့် ဆိုင်ကယ်တို့၊ ကားတို့ရပ်နားဖို့အတွက် ကျုံးဘေးအနီးတစ်ဝိုက် ယာဉ်ကြောမကြပ်မယ့်နေရာမျိုးမှာ ယာဉ်ရပ်နားမယ့် နေရာတွေကို လေလံပေးမှာပါ လုပ်ငန်းရှင်တွေအနေနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ကောက်ခံရမယ် ပိုကောက်ရင်တော့ အရေးယူမှာပေါ့။ ကောက်ခံရမယ့် ဈေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး။ သတ်မှတ်ပြီးရင်တော့ ထုတ်ပြန်ပေးမှာပါ။" ဟု အခွန်ဌာနမှ ဌာနမှူး ဦးသက်နိုင်က ပြောသည်။
ယခုနှစ်တွင် ကျုံးပတ်လည်၌ ယာဉ်ရပ်နားနိုင်ရန် လေလံပေးမည့် နေရာများဖြစ်သည့် ၂၆ လမ်း၊ ၇၈ လမ်းနှင့် လမ်း၈၀ ကြား၊ ၇၉ လမ်း၊ ၂၆ လမ်းနှင့် ၂၈ လမ်းကြား စသည့်နေရာများ အပါအဝင် ကျုံးပတ်လည်၌ ယာဉ်ရပ်နားရန်နေရာများကို ယခုနှစ်အတွင်း တိုးချဲ့သတ်မှတ် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ ကျုံးပတ်လည်၌ လေလံပေးထားခြင်း မရှိဘဲ ယာဉ်ရပ်နားရန် နေရာများပြုလုပ်ကာ ရပ်နားခ ကောက်ခံသူများကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


