မန္တလေး ၂၅  မတ် 


လာမည့်ဧပြီလမှ စတင်ကာ မန္တလေးမြို့ မြို့ဝင်၊ မြို့ထွက် ဂိတ်ကြေးတွေကို မန္တလေးစည်ပင် သာယာရေးကော်မတီမှ ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။


မြို့ဝင်၊ မြို့ထွက် ဂိတ်ကြေးတွေကို ကုမ္ပဏီများကို လေလံစနစ်ဖြစ်ပေးထားပြီး ယခုအခါ ဧပြီလ ၁ ရက်မှ စတင်ကာ မန္တလေးစည်ပင်က တာဝန်ယူ ကောက်ခံတော့မည်ဖြစ်သည်။


‘ဂိတ်တွေကို ကိုယ်တိုင်ပဲ လုပ်တော့မယ်။ သိပ်မကြာခင် ကာလအတွင်းမှာ ဂိတ်တွေမှာရှိတဲ့ ဝင်ကြေးကောက်တာတွေကို အီလက်ထရောနစ် စနစ်ပြောင်းတော့မယ်။ ပြောင်းဖို့အတွက် ပြင်ဆင်နေပြီ’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 


မန္တလေးမြို့တွင် မြို့ဝင်၊ မြို့ထွက် ဂိတ်ကြေး ကောက်ခံရန် ဝန်ထမ်း ၁၆၀ ခန့်ထားပြီး အဆိုပါ ဝန်ထမ်းများကို မတ်လ ၂၆ ရက်တွင် သင်တန်းပေးမည်ဖြစ်ကြောင်း သိရသည်။ 


မန္တလေးစည်ပင်မှ ဂိတ်ကြေးများကို ကောက်ခံသည့်စနစ် ပြောင်းလဲလိုက်သည့်အတွက် ဝန်ဆောင်မှု၊ ဝန်ထမ်းဆက်ဆံရေးများ ပိုမိုကောင်းမွန် လာမည်ဖြစ်ပြီး စည်ပင်အခွန်အခလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် မြို့ဝင်၊ မြို့ထွက် ဂိတ်ကြေး ကောက်ခံသည့် နေရာ လေးခု ရှိသည်။


အိမို့မို့ခိုင်