မန္တလေး၌ ဇာတ်ညွှန်းရေးနည်း သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေး  ၁၄  အောက်တိုဘာ

 

ဇာတ်ညွှန်းရေးနည်း သင်တန်း(မန္တလေး) ၁/၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးမြို့  အမှတ်(၃၁)  မဟာအောင်မြေမြို့ရှိ Wilson Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ သင်တန်းကို ကမ္ဘာ့အဆင့်မီ ဇာတ်ညွန်းကောင်း ရေးသားနိုင်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ရုပ်ရှင်၊ သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ဆွေစင်ထိုက်က The Art of Story Telling: Screen Play ခေါင်းစဉ်ဖြင့် မန္တလေးမြို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

အခမ်းအနားတွင် အကောင်းဆုံး ဇာတ်လမ်းဆု အမျိုးသား (ဇော်ဂျီမြစ်ကြီး သက်သေတည်) ရေးသားသူ ချစ်ဦးဆွေ၊ အကောင်းဆုံး ဇာတ်လမ်းဆု အမျိုးသမီး (မဟူရာဧကရီ) ဇာတ်လမ်းရေးသားသူ ဒေါ်ခင်သိန်း(ရှမ်းတမာ)၊ အထူးဆု (မီးလျှံကြားကမြင့်မိုရ်) ရေးသားသူ ညီဝမ်း-မန်းမြေ၊ နှစ်သိမ့်ဆု (လူ) ရေးသားသူ ထိန်ထိန်လင်း၊ သုခုမ ဂုဏ်ပြုဆုရရှိသူ (လေးပျိုနှမ အစ်ကိုက ချီမယ်) ရေးသားသူ ပန်းဦးကို၊ အကောင်းဆုံး စိတ်ကူးယဉ် ဇာတ်လမ်းဆုကို (ဝဲ)ဇာတ်လမ်းရေးသားသူ ဆောင်းလုလင်၊ အကောင်းဆုံး ဖြစ်ရပ်မှန် ဇာတ်လမ်းဆု (ရွှေရောင်ရေ) ရေးသားသူ ဦးရဲအောင်တင့်တို့ကို အမျိုးသမီး ကော်မတီနာယက ဒေါက်တာဒေါ်ယုယုမေနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ထူးချွန်ဆု ရရှိသူများ၏ ဇာတ်လမ်းများအား (၅)မိနစ်စာ Presentation ပြုလုပ်ပြီး ဇာတ်ညွှန်းရေးနည်း သင်တန်း(၁/၂၀၁၈) ဖြစ်မြောက်ရန် ကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို Pen Myanmar နှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)