မန္တလေး ၂၈ မတ် 


ယခုနှစ် မန္တလေးသင်္ကြန်၌ ထည့်သွင်းကျင်းပမည့် သံချပ်ပြိုင်ပွဲတွင် အစိုးရ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်သည့် တဖက်သတ် စွပ်စွဲပုပ်ခတ်ရေးသား သီဆိုမှုများအား လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း သိရသည် ။ 


" သင်္ကြန်သံချပ်စာသားတွေကို သေချာစိစစ်ထားတယ်။ နိုင်ငံတော်အစိုးရရဲ့ဂုဏ်သိက္ခာကို ထိပါးနိုင်တဲ့ စာသားတွေခွင့်မပြုဘူး။ နောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပျက်ပြားစေနိုင်တဲ့ စာသားတွေ ခွင့်မပြုဘူး " ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည် ။ 


ထို့ပြင် သံချပ်စာသားရေးသားသီဆိုဖျော်ဖြေရာ၌ မည်သည့်ဘာသာ သာသနာကိုမဆို ထိပါးစော်ကားသည့် စာသားများ ၊ မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား ၊ ဝတ်ဆင်မှု ၊ သရုပ်ဖော်မှုများ အပါအဝင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် စွပ်စွဲ ပုတ်ခတ်မှုများလည်း သီဆိုဖျော်ဖြေ ယှဉ်ပြိုင်မှု ခွင့်ပြုမည်မဟုတ်ကြောင်းသိရသည် ။ 


သံချပ်ပြိုင်ပွဲများကို အကြို ၊ အကျ ၊ အကြတ် နေ့များတွင် မန္တလေး မနော်ရမ္မံကွင်း ပြည်ထောင်စုသင်္ကြန် မဏ္ဍပ်၌ ည ၇ နာရီမှ ၉ နာရီအထိ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခုနှစ်သံချပ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆ သင်းရှိပြီး ၎င်းတို့မှာ ဒေါင်းတွန်သံ ၊ အောင်စံမောင် ၊ ဗျောက်အဖွဲ့ ၊ ခေတ်သစ်ငဘ ၊ ဒုတိယ ရေသောက်မြစ် တို့ဖြစ်သည် ။ ယခင်နှစ် မန္တလေးသင်္ကြန်သံချပ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၇ သင်းရှိပြီး အောင်စံမောင်မှ ပထမရရှိခဲ့သည် ။ 


" ဒီနှစ်မှာ သံချပ်အဖွဲ့တွေက အချိန်ကို တိုးပေးဖို့ နဲ့ ပြိုင်ပွဲဝင် ဦးရေတိုးပေးဖို့တောင်းဆိုလာတဲ့အတွက်ကြောင့် အချိန်ကို ၄၅ မိနစ် သတ်မှတ်ထားတယ် ။ ပြိုင်ပွဲဝင်ဦးရေကို ၃၀ ထက်မနည်း နဲ့ ၄၀ ထက်မများစေရဆိုတဲ့ သတ်မှတ်ချက်ကိုပြင်ထားပေးတယ် ။ နောက်ပြီး ဆုကြေးငွေကိုလည်းတိုးမြင့်ပေးထားတယ် " ဟု ၎င်းက ဆက်ပြောသည် ။ 


ယင်းသံချပ်ပြိုင်ပွဲတွင် ပထမဆုအဖြစ်ငွေကျပ် သိန်း ၃၀ ၊ ဒုတိယဆုအဖြစ် ငွေကျပ်သိန်း ၂၀ ၊ တတိယဆုအဖြစ် ငွေကျပ်သိန်း ၁၀ နှင့် နှစ်သိမ့်ဆုအဖြစ် ငွေကျပ် ၇ သိန်းသတ်မှတ်ထားကြောင်း သိရသည် ။ 


သံချပ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များအနေဖြင့် ပြိုင်ပွဲဝင်လူအင်အားစာရင်း ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ကြိုတင်စိစစ်ခွင့်ပြုပေးနိုင်ရန်အတွက် ဌာနမှူး ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဧပြီလ ၄ ရက် ညနေ ၄ နာရီနောက်ဆုံးထားကာ ပေးပို့နိုင်ကြောင်းသိရသည် ။ 


သူရိန်လင်း