မန္တလေး  ၂၅  မတ်


မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ချထားပေးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရှိကြောင်း အဆိုပါကော်မတီမှ သိရသည်။


၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ချထားပေးသော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၇ ခုရှိပြီး  စက်မှုကဏ္ဍတွင် ၅ ခု၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁ ခု၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ၁ ခု ရှိကြောင်း သိရသည်။


‘အမှုတွဲတွေ ပြည့်စုံတယ်၊ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပြည်စုံတယ်ဆိုရင် အစည်းအဝေး တစ်ခါတည်းထိုင်ပြီး ခွင့်ပြုချက် ချက်ခြင်း ထုတ်ပေးပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။


မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများမှ ပါဝင်ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးသန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းခြောက်ထောင် ပမာဏရှိသော ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးနိုင်သည့် ကော်မတီဖြစ်သည်။ အဆိုပါ ကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။


မန္တလေးတိုင်းတွင် ၁၉၉၄ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထားသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၆၇ ခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၈ ခုရှိကြောင်း သိရသည်။


အိမို့မို့ခိုင်