မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် မန္တလာအိုးပင်း စစ်တုရင်ပြိုင်ပွဲ ဒီဇင်ဘာ ၂၂ ရက်၌ ကျင်းပမည်

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် မန္တလာအိုးပင်း စစ်တုရင်ပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီက မန္တလေးမြို့ ၂၉ လမ်းနှင့် ၇၁ လမ်း ထောင့် နန်းတော်ဆေးရုံအခန်း ၆၀၆ ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး စစ်တုရင် ဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစိုးထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်စစ်တုရင် အားကစားသမားများ ပေါ်ထွန်းရေး၊ ဆုရအားကစားသမားများ ဆုပေးအပ်ချီးမြင့်ရေးတို့နှင့် တိုင်းဒေသကြီးအတွင်း မြို့နယ်မှလာရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ နေထိုင်သွားလာရေး ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းမှ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း D24/25 စစ်တုရင်အကယ်ဒမီခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲနှင့် ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များသည် ၉/နိုင်ငံသား မှတ်ပုံတင်ပါရှိရမည်ဖြစ်ပြီး ၉/ မှတ်ပုံတင်မရှိပါက မန္တလေးတိုင်းဒေသကြီး မြို့နယ်အတွင်း ၆ လနေထိုင်သော သက်ဆိုင်ရာ လဝကမှ ထောက်ခံစာတစ်ပါတည်း ယူဆောင်၍ ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ဗထူးအားကစားခန်းမအနီးရှိ မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီရုံးခန်းသို့ မိမိမြို့နယ်အသင်းအုပ်ချုပ်သူ မြို့နယ်တာဝန်ခံ အားကစားအရာရှိမှ အသင်းလိုက် တစ်ဦးချင်းကစားသမား စာရင်းပေးသွင်းနိုင်ရေးတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးဆပ်ကော်မတီမှ တာဝန်ရှိသူများ အဖွဲ့ဝင်များက စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ပူးပေါင်းကျင်းပဆောင်ရွှက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီး ဥက္ကဋ္ဌမှတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

(တင်မောင်-မန်းကိုယ်ပွား)