မန္တလေး ၂၁ ဧပြီ

 

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် KG တန်းမှ နဝတန်းအထိ စာမေးပွဲ အောင်စာရင်းများကို ဧပြီ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ရာ ၄င်းတို့အနက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အောင်စာရင်းများအနက် စတုတ္ထတန်းတွင် တိုင်းဒေသကြီးအတွင်းမှ ၁၀၅၉၃၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၅၉၂၈ ဦး အောင်မြင်ခဲ့ကြကာ အဋ္ဌမတန်းစာမေးပွဲတွင် ဖြေဆိုသူ ၈၆၀၃၇ ဦးအနက် ၈၆၀၂၉ ဦး အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ-တာဝန်) ဦးစိုးလွင်က ပြောကြားသည်။

 

‘ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနရဲ့ ပြောင်းလဲကျင့်သုံးနေတဲ့ ပညာရေးစနစ်က စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးပြီး အတန်းတက်မယ့် စနစ်ကိုသွားဖို့ ဦးတည်နေတာပါ။ ဒါကြောင့် စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲအောင်စာရင်းတွေ ထုတ်ပြန်တဲ့နေ့မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိစေဖို့ အဆင့်ခွဲခြားတဲ့ စနစ်ကို ရှောင်ပြီး အားလုံးတန်တူညီတူ သတ်မှတ်ပေးချင်တဲ့အတွက် A, B, C  အဆင့်တွေ သတ်မှတ်ထုတ်ပြန်ပေးခြင်း မရှိခဲ့ပါဘူး’ ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

 

လာမည့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့် Grade – 3 ကို ဘာသာရပ် ၁၀ ခု ပါဝင်သည့် သင်ရိုးသစ်များဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် Grade -6 ကို ဘာသာရပ် ၁၁ ခု ပါဝင်သည့် သင်ရိုးသစ်များဖြင့်လည်းကောင်း ပြောင်းလဲ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

ge 575030