မန္တလေး ၁၀ ဧပြီ

 

ယခုနှစ် သင်္ကြန်ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်အစီးရေ ၄၀ ကျော်နှင့်  အသင်းအဖွဲ့ပေါင်း ၂၀ဝ ကျော်တို့ ပူးပေါင်း၍ အရေးပေါ် အခြေအနေများကို ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။

 

1

 

အရေးပေါ် အခြေအနေများ ကူညီကုသိုလ်ပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင် ရွက်နိုင်ကြရန် ဆန္ဒသဘောထား ခံယူခဲ့ရာ အသင်းအဖွဲ့ပေါင်း ၂၀ဝ ကျော်ထံမှ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ အသင်းအဖွဲ့ပေါင်း ၂၀ဝ ကျော်မှ လူအင်အား ၂၅၀ ကို နှစ်ဖွဲ့ခွဲပြီး ကူညီသွားမှာ ဖြစ်ပါသည်။ အဖွဲ့ဝင်အင်အား ၂၅၀ နှင့်အတူ အရေးပေါ် လူနာတင်ယာဉ် အစီးရေ ၄၀၊ ရှာဖွေကယ်ဆယ်ရေးယာဉ် နှစ်စီး၊ ရေပြင်ကယ်ဆယ်ရေး စပိဘုတ်သုံးစီးတို့ သင်္ကြန်ကာလအတွင်း အရေးပေါ် အခြေအနေကို ကူညီရန် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

"မန္တလေးမြို့နယ် ခြောက်မြို့နယ်အတွင်း ကျုံး၊ ဧရာဝတီမြစ်၊ တောင်သမန်အင်း၊ ဒုဋ္ဌဝတီမြစ် အတွင်းတွေမှာလဲပဲ ကယ်ဆယ်ရေး ရေယာဉ်တွေ ချထားမယ်။ ပြည်သူတွေ အနေနဲ့ အသင်းရဲ့အရေးပေါ် ဖုန်းနံပါတ်တွေကို မှတ်ထားပြီး အရေးပေါ် တစ်ခုခုဖြစ်ခဲ့ရင် ဆက်သွယ်ပြီး ပူးပေါင်းကူညီဖို့ ပြောချင်ပါတယ်" ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ဒေသကြီး)ဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက ပြောသည်။

 

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)က အဖွဲ့ခွဲ(၁)အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ အင်အားဦးရေ ၃၀ ဖြင့် ကူညီပေးမည်ဖြစ်ပြီး မြို့နယ် ခြောက်မြို့နယ်တွင် စုစုပေါင်း အင်အား ဦးရေ ၁၅၀၊ အရေးပေါ် လူနာတင်ယာဉ် ၃၅စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်နှစ်စီးတို့ဖြင့် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဖွဲ့ခွဲ(၂)အနေဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသိုလ်ပြု အဖွဲ့ဝင် အင်အား ဦးရေ ၁၀ဝ နှင့် တိုင်းဒေသကြီးရုံးအဖွဲ့၊ ကျောက်ဆည်ခရိုင် ပရဟိတကွန်ရက်၊ အဖြူရောင် မေတ္တာအသင်း (စဉ့်ကိုင်)၊ မန္တလေးမြို့ပေါ်ရှိ ညီနောင်အသင်း အဖွဲ့များ ပူးပေါင်း၍ အရေးပေါ် လူနာများကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မဟာသင်္ကြန်ပွဲတော် ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း အရေးပေါ်ထိခိုက်ဒဏ်ရာရ လူနာများ တွေ့ရှိပါက အရေးပေါ် လူနာတင်ယာဉ်ဆိုင်ရာ သတင်းအချက်အလက် ညှိနှိုင်းကွပ်ကဲရေးဌာန ဖုန်း ဝ၉-၇၈၇၁၁၉၁၁၉၊ ဝ၉-၇၆၇၁၁၉၁၁၉၊ ဝ၉-၄၄၀၁၁၉၁၁၉၊ ဝ၉-၆၉၄၂၄၅၁၁၉ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။

 

သူရိန်လင်း