မန္တလေးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်

နေပြည်တော် မတ်  ၁၂

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မီးသွေးတိုက် မြစ်ရေတင် ရေသောက်ဧရိယာ၌ (၆)တန်းသွား အပေါ့စားလက်ဆွဲ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ဆွဲကောက်စိုက်စက်များကို တောင်သူများလက်ဝယ်သို့ မဖြန့်မီ စက်ကိရိယာ အရည်အသွေးကောင်းမွန်မှု၊ လက်တွေ့လုပ်ငန်း‌ခွင်တွင်ကျယ်မှုကို  တောင်သူများ လက်တွေ့လေ့လာနိုင်ရေး ဒေသအလိုက် စီမံဆောင်ရွက်ရန် မှာကြားသည်။  

 

ထို့နောက် ဒုတိယဝန်ကြီးသည်  မန္တလေးတူးမြောင်းမကြီး၊ အိုင်ကြီးရေနုတ်အဆောက်အအုံ မြောင်းပေါင် ကျိုးပေါက်မှု အခိုင်အမာပြုပြင်ခြင်းလုပ်ငန်းနှင့်  အရေးပေါ်ရေထွက်ပေါက် Emergency Escape တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလားတူကျိုးပေါက်မှု ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် ဆက်လက်တည်ဆောက်ရန် လျာထားသည့်ရွှေလောင်းအရေးပေါ် ရေထွက်ပေါက် ဒီဇိုင်းပုံစံများ ဆက်လက်ဆောင်ရွက်ရန်  မှာကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်တော်ကြီး ရေလှောင်တမံ ရေသောက်ဧရိယာ၌ မြောင်းအလိုက် နွေစပါးနှင့်နွေသီးနှံ(နွေနှမ်း) စိုက်ပျိုးရန် လျားထားမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မှုတည်၍ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ အချို့ဒေသများတွင် မိုးရွာသွန်းမှု ပိုမိုလာနိုင်သည့်အတွက် ရေသောက်စနစ် ကြီးမားသော ဆည်တော်ကြီး၊ ကင်းတား၊ ဇော်ဂျီရေသောက်စနစ်များတွင် အဓိကတူးမြောင်းမကြီးနှင့် လက်တံမြောင်းများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် မြောင်းအလိုက် တာဝန်ပေးကြိုတင်စစ်ဆေးထားရှိရန် မှာကြား သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၆)၊ ကံကြီးကုန်းအုပ်စုရှိ စည်သာရေလှောင် တမံနှင့် စည်သာရေကူရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေနှင့် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ အစိုးရဌာန(၆)ခုအား သောက်သုံးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြင်ဦးလွင်မြို့ ကန်တော်လေးရေလှောင်ကန် ရေပိုလွှဲနှင့် ရေတံခါးကြံ့ခိုင်မှု၊ ကန်ပေါင်ကြံ့ခိုင်မှု ပိုမိုအားကောင်းစေရေးနှင့် ရေစိမ့်ယိုခြင်း ကာကွယ်နိုင်ရန် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကန်တော်ကြီး ရေလှောင်ကန်ပေါင်နှင့် ရေပိုလွှဲကြံ့ခိုင်မှုအတွက် ဝင်ရေထွက်ရေ ထိန်းညှိစီမံဆောင်ရွက်ရန်နှင့် ကန်တော်ကြီးရေပိုလွှဲ ပြုပြင်တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသည့် သီးနှံအလိုက် အထွက်နှုန်း ပိုမိုတိုးတက် ရေးအတွက်  ဖြစ်နိုင်သည့်နည်းလမ်းများ အသုံးပြုစီမံဆောင်ရွက်ရန်၊ စိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးစားနှင့် သီးနှံအမျိုးအစား ရွေးချယ်စိုက်ပျိုးရန်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍကို ဘက်ပေါင်းစုံမှတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)