ရူဘင်အမ်မိုရင်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ပြီး ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာ ယာယီနည်းပြအဖြစ် ပထမဆုံးတာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်တွင် မန်ယူအသင်းသည် တန်းဆင်းဇုန်မှ ဘန်လေအသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
အဆိုပါပွဲစဉ်ကို ဇန်နဝါရီ ၈ ရက် နံနက် ၂ နာရီ ၄၅ မိနစ်က ဘန်လေအသင်း အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားခဲ့သည်။
ပွဲချိန် ၁၃ မိနစ်တွင် မန်ယူအသင်းခံစစ်ကစားသမား ဟဲဗင် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ အိမ်ရှင် ဘန်လေအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် ချေပဂိုးရရှိရေး ကြိုးပမ်းလာသော မန်ယူအသင်းသည် သွင်းဂိုးရရှိနိုင်သည့် အခွင့်အရေးများရရှိခဲ့သော်လည်း အသင်းကစားများ၏ အဆုံးသတ်ပိုင်း အားနည်းချက်ရှိနေသည့်အတွက် ပထမပိုင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်းတိုက်စစ်ကစားသမား ရှက်ကို ခြေစွမ်း ပြကာ မိနစ် ၅၀ နှင့် မိနစ် ၆၀ တွင် နှစ်ဂိုးဆက်သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း ၆၆ မိနစ်တွင် ဘန်လေအသင်း လူစားဝင် တိုက်စစ်ကစားသမား အန်တိုနီ၏ ချေပဂိုးခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက်နှစ်ဂိုးစီ သရေကျကာ ပွဲပြီးဆုံးခဲ့သည်။
အခြားပွဲစဉ်ရလဒ်များတွင် ဘုန်းမောက်က စပါးကို သုံးဂိုး - နှစ်ဂိုး၊ ဖူလ်ဟမ်က ချယ်ဆီးကို နှစ်ဂိုး - တစ်ဂိုး၊ ဘရန့်ဖို့ဒ်က ဆန်းဒါးလန်းကို သုံးဂိုး - ဂိုးမရှိ၊ နယူးကာဆယ်က လိဒ်စ်ကို လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နှင့် အက်စ်တွန်ဗီလာအသင်းပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့ကာ မန်စီးတီးနှင့် ဘရိုက်တန်အသင်းပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ထို့အပြင် အဲဗာတန်နှင့် ဝုဖ်အသင်းပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်


