မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ ရူဘင်အမ်မိုရင်ကို အသင်းတွင် ၁၄ လကြာ တာဝန်ယူပြီးနောက် နည်းပြအဖြစ်မှ  ထုတ်ပယ်လိုက်ပြီဖြစ်ပြီး လာမည့်  ဘန်လေအသင်းနှင့်ပွဲစဉ်တွင်  မန်ယူကွင်းလယ်ကစားသမားဟောင်း ဒါရင်ဖလက်ချာက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမ်မိုရင်က ၎င်းနှင့် ကလပ်အသင်း တာဝန်ရှိသူများကြား  ဆက်ဆံရေးမှာ တင်းမာမှုများရှိကြောင်း ဇန်နဝါရီ   ၂  ရက်တွင်  အရိပ်အမြွက်ပြောကြားထားသည်။  ဇန်နဝါရီ ၄ ရက်က လိဒ်စ်အသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြ အမ်မိုရင်သည် အသင်း၏  မန်နေဂျာအဖြစ် လုပ်ကိုင်လိုကြောင်းနှင့် နည်းပြအဖြစ်  မလုပ်လိုကြောင်း  ပြောကြားကာ မန်ချက်စတာယူနိုက်တက်အသင်း၏ အကြီးအကဲများကို နောက်ထပ်တစ်ကြိမ်   ဝေဖန်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။  ထို့နောက်   ၎င်းကို  နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အမ်မိုရင်၏ နည်းပြအဖွဲ့ဝင်များမှာလည်း အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၄၀ အရွယ် အမ်မိုရင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  ၆၃  ပွဲတွင် ၂၅ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

အမ်မိုရင်သည် အမ်ဘူမို၊  ရှက်ကို၊  ကွန်ညာနှင့် လန်းမန်းစ် စသည့် ကစားသမားသစ်များကို ခေါ်ယူရာတွင် ပေါင် ၂၁၆ သန်း သုံးစွဲခဲ့သော်လည်း အသင်းရလဒ်ပိုင်း ထင်သလောက်ကောင်းမွန်မှု မရှိခဲ့ပေ။  မန်ယူအသင်းသည် ပရီမီယာလိဂ်ပွဲ ၂၀ ကစားပြီးချိန်တွင် ရှစ်ပွဲနိုင်၊ ခုနစ်ပွဲသရေ၊ ငါးပွဲရှုံး ရလဒ်ဖြင့် အဆင့်(၆) တွင် ရပ်တည်နေသည်။      

အောင်ဇော်