မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ၂၁  ဇန်နဝါရီ  
   


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေး ပွဲသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်း ရရှိစေရန်နှင့် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး မသန်စွမ်းသူများ၏ လုပ်ကိုင်နိုင်စွမ်းအလိုက် အလုပ်အကိုင်များ တိုးတက်ရရှိလာရေး၊ ကိုယ်ပိုင်လုပ်ငန်းများလုပ်ကိုင် နိုင်ရန်အား ပေးပံ့ပိုးခြင်း၊ အလုပ်ခန့်ထားရာတွင် ခွဲခြားမှုမရှိရေးနှင့် လုပ်ငန်းခွင်အတွင်း လွယ်ကူစွာဝင်ထွက်သွားလာ လုပ်ကိုင်နိုင်ရေးတို့အတွက် အကြံဉာဏ်များပေးနိုင်ရန်နှင့် ကောင်းမွန်သည့်ရလာဒ်ကောင်းများ ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု သေချာစေရန် မူဝါဒချမှတ်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် မသန်စွမ်းသူများ အကျုံးဝင်တက်ရောက်နိုင်ရေး၊ အလုပ်ခွင်ဝင်ရောက်ရာတွင် အခက်အခဲမရှိစေရေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်မှုနှင့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့  အင်အားဝန်ကြီးဌာန အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျှက်ရှိပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၈၃ ရုံးနှင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင်  ရုံးများဖွင့်လှစ်ထားပြီး အလုပ်ရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သည့် အလုပ်ရှင်များကို အထောက်အကူပြုလျက်ရှိရာ အလုပ်ရှာဖွေသူများကို အလုပ်သမားမှတ်ပုံတင်ခြင်း၊ အလုပ်ရှင်များထံမှ လစ်လပ်အလုပ်နေရာများအတွက် အလုပ်သမားလိုအပ်ကြောင်း အကြောင်းကြားစာ(အမှာစာ) လက်ခံဆောင်ရွက်ပေးခြင်း၊ အမှာစာအရ သင့်လျော်သူများကိုအလုပ်ရှင် ထံစုဆောင်းပေးပို့ခြင်းနှင့် အလုပ်ရှင်ကခန့်ထားရန် ရွေးချယ်သူများကို အတည်ပြုခန့်ထားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအလုပ်ရုံဆွေးနွေးပွဲမှ မသန်စွမ်းမှုဆိုင်ရာသဘောတရား၊ မသန်စွမ်းမှု ဆိုင်ရာအမြင်များ၊ အခွင့်အရေးများနှင့် အကျုံးဝင်ပါဝင်မှုအား နားလည်သဘောပေါက်ခြင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အချက်အလက်များ၊ အလုပ်အကိုင်ကဏ္ဍမှ မသန်စွမ်းသူများ၏အခြေအနေ၊ ဥပဒေရေးရာနှင့်နိုင်ငံတကာ ကတိကဝတ်များ၊ မသန်စွမ်းသူများနှင့်သက်ဆိုင်သည့် ပြည်တွင်းဥပဒေများ၊ လုပ်ငန်းခွင်တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော နေရာထိုင်ခင်းဖန်တီးပေးရေးနှင့် လက်လှမ်း မီရရှိနိုင်ရေးစသည်တို့ကို ပိုမိုသိရှိနားလည်ပြီး လိုအပ်သည့်အကြံဉာဏ်များပေးကာ ကောင်းမွန်သည့် ရလာဒ်ကောင်းများ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။

 

 ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သည့် လုပ်ငန်းခွင်အခြေအနေများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)