နေပြည်တော် ၂၈ မတ်
မသန်စွမ်းသူများ၏ အခွင့်အရေးကို မီဒီယာများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရ၏ မသန်စွမ်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များတွင် မသန်စွမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ၏ စိတ်ခံစားမှုများကို အစိုးရနှင့်ပြည်သူများ သိရှိမှုအားနည်းနေသည့်အတွက် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ မသန်စွမ်းများ၏ ဂုဏ်သိက္ခာနှင့် ပြည့်စုံသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာရန် မီဒီယာများ၏ အင်အားလိုအပ်သည့်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေးသည် မသန်စွမ်းသူများသည် အများနည်းတူ အခွင့်အရေး တန်းတူညီမျှမှုရရှိရန်အတွက် ဥပဒေနှင့် နည်းဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မီဒီယာများ၏ အင်အားကိုရယူလိုသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ နစ်နာမှု၊ ဆုံးရှုံးမှု၊ အခွင့်အရေးများအား ဖော်ထုတ်ပြီး ကာကွယ်စောင့်ရှောက်ရန် မီဒီယာ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မသန်စွမ်းသူများနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိရေး လက်စွဲစာအုပ်၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူခြင်း စသည့်တို့ကို ရှင်းလင်း တင်ပြခြင်းများဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အဓိကကျသည့် မီဒီယာသမားများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် Voluntary Service Overseas မှ ဌာနေကိုယ်စားလှယ်(ကိုယ်စား) MS. Amy Hamerton က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ မသန်စွမ်းမှုနှင့် မသန်စွမ်းသူများဆိုင်ရာ သဘောတရားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ ဥပဒေနှင့် နည်းဥပဒေများ၊ ASEAN Enabling Masterplan (2025)၊ မသန်စွမ်းသူများ အလုပ်အကိုင် ရရှိရေးဆိုင်ရာ လက်စွဲစာအုပ်၊ ASEAN Hometown Impowerment စီမံကိန်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း လက်စွဲစာအုပ်၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူရေး၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


