နေပြည်တော် ၂ ဧပြီ            

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပသည်။

 

ရှေးဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လူသားအားလုံးသာတူညီမျှ ရရှိခံစားနိုင်စေရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် အာဆီယံနိုင်ငံများမှ သဘောတူညီခဲ့သည့် ASEAN Enabling Masterplan ကိုအခြေခံ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း၏ ကဏ္ဍအလိုက်ထားရှိရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ ရေးဆွဲနိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (၂၀၃၀)၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေ/နည်းဥပဒေများ လုပ်ငန်းအစီအစဉ်များနှင့် ချိတ်ဆက်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဆပ်ကော်မတီများ အနေဖြင့် နယ်ပယ်(၆)ရပ်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ အလွယ်တကူ လက်လှမ်းမီရရှိနိုင်ရေးတို့ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲနှင့် သုတေသနလုပ်ငန်းများမှ ရရှိလာမည့်ရလဒ်များကို အခြေခံ၍ စနစ်ကျသော ဦးစားပေးရွေးချယ်မှုများ၊ ဘဏ္ဍာငွေရေးဆွဲထည့်သွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း မဟာဗျူဟာစီမံကိန်းမူကြမ်းကို တင်ပြသွားရန် လျာထားပါကြောင်း ပြောကြားသည်။

           

ထို့နောက် UNICEF Myanmarမှ ဌာနေကိုယ်စားလှယ် (ကိုယ်စား) Mr.Samman J.Thapa က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။           

 

ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးစားပေးနယ်ပယ်(၆)ခုနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် အခြားအကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် မသန်စွမ်းအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများတို့၏ အယူအဆ၊ သဘောထားများအား အကြံပြုတင်ပြဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)