နေပြည်တော် ဇန်နဝါရီ ၈
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ကော်မတီဝင် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာကိုယ်စား လှယ်များနှင့် မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအောက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ ကိုးခု ဖွဲ့စည်းထားရှိကြောင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများအနေဖြင့် ဆပ်ကော်မတီ အလိုက်တာဝန်များကို အလေးထား ဆောင်ရွက်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို အမျိုးသားကော်မတီထံ တင်ပြအစီရင်ခံရန် လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၂၉ သန်း၊ နိုင်ငံလူဦးရေ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန် စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ စီမံကိန်းမြို့နယ်ပေါင်း ၃၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းမြို့နယ်များမှ မသန်စွမ်းသူ မှတ်ပုံတင် လျှောက်ထားလာသူ ၁၀၈၇၉ ဦး အား မသန်စွမ်းသူ မှတ်ပုံတင် လက်မှတ်များ ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် မသန်စွမ်းထောက်ပံ့ကြေးများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ မသန်စွမ်းသူ ၉၅၄၃ ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၂၈၆ ဒသမ ၂၉ သန်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက လုပ်ငန်း ကော်မတီအစည်းအဝေး(၁/၂၀၂၄) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း တာဝန်များအပေါ် စောင့်ကြည့် ဆန်းစစ်မှု ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ် စီမံကိန်း(၂၀၂၂-၂၀၂၇) ဆောင်ရွက် နေမှုအပေါ် ပြန်လည်သုံးသပ်နိုင်ရေးနှင့် မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက် မသန်စွမ်းသူများ၏ အကျိုးအား ထည့်သွင်း ဆောင်ရွက်နေမှုနှင့် တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


