မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု

 

သိုက်စိုးထွန်း (နတ်ရွာ)

 

လူမှန်သမျှ  စား၊ ဝတ်၊ နေရေးနဲ့ မကင်းနိုင်ကြပါဘူး။ မကင်းနိုင်တဲ့အတွက် ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ရယူ၊ သုံးစွဲကြရသလို  တစ်ဖက်မှာလည်း ဒီကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှုပေးနေကြရပြန်ပါတယ်။ စားသုံးသူဖြစ်လိုက်၊ ထုတ်လုပ်၊ ရောင်းချသူ၊ ဝန်ဆောင်မှုပေးသူ ဖြစ်လိုက်နဲ့ပါ။ စားသုံးသူ ကာကွယ်ရေးဥပဒေအရတော့ စားသုံးသူဆိုတာ ကုန်စည်၊ ဝန်ဆောင်မှုကို ရောင်းဝယ်ဖို့ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းပြုဖို့မဟုတ်ဘဲ ကိုယ်တိုင်သုံးဖို့ဖြစ်ဖြစ်၊ တခြားလူအတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ပြီး ဝယ်တဲ့၊ သုံးတဲ့၊ ရယူတဲ့၊ ကုန်စည်ချေးငှားတဲ့၊ ပေးကမ်းထောက်ပံ့ခံရတဲ့သူကို ဆိုလိုပါသတဲ့။ အလွယ်နည်းမှတ်ရရင်တော့ လူတိုင်းလူတိုင်းဟာ စားသုံးသူတွေပါပဲ။

ဘဝရှင်သန်ရေးအရ၊ စားဝတ်နေရေး လိုအပ်ချက်အရ ကုန်စည်၊ ဝန်ဆောင်မှုတွေကို နေ့စဉ်စားသုံးမှု  ပြုနေရတာမို့ အနည်းဆုံးတော့ နေ့စဉ်စားသုံးနေတဲ့၊ သုံးစွဲနေတဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေက ဘေးအန္တရာယ် ကင်းရှင်းနေဖို့  လိုအပ်မှာပါ။ ဒါက စားသုံးသူတစ်ယောက်အနေနဲ့ ရသင့်တဲ့အခြေခံအခွင့်အရေး ဆိုပါတော့။ ဒါ့အပြင် တခြားအရေးကြီးတဲ့ အခွင့်အရေးတွေလည်း ရှိပါသေးတယ်။ ဒီအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကတော့ လူ့သမိုင်းနဲ့ယှဉ်ရင် သိပ်မကြာလှသေးဘူးလို့ဆိုရမှာပါ။ စားသုံးသူ အခွင့်အရေးနဲ့ပတ်သက်ပြီး ရှေ့တန်းကနေလှုပ်ရှားခဲ့သူတွေထဲက အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီပါ။ ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က ကွန်ဂရက်မှာ မိန့်ခွန်းတစ်ခု ပြောခဲ့ ပါတယ်။ ဒီမိန့်ခွန်းမှာ စားသုံးသူမှန်သမျှ ကုန်စည်၊ ဝန်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ဝယ်ယူ၊ စားသုံးခွင့်ရှိတဲ့ အကြောင်း၊ အဲဒီကုန်စည်၊ ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ လိုအပ်တဲ့သတင်း အချက်အလက်တွေ သိခွင့်ရှိတဲ့ အကြောင်း၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ စားသုံးခွင့်ရှိတဲ့အကြောင်း၊ တိုင်ကြားခွင့် ရှိတဲ့အကြောင်း၊ ဆုံးရှုံးနစ်နာမှုတွေ အတွက် ကုစားပိုင်ခွင့်ရှိတဲ့အကြောင်း အလေးပေးပြောခဲ့တာပါ (The Econo-mic Times, 2024)။ စားသုံးသူတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ သမိုင်းဝင် မိန့်ခွန်းပြောခဲ့တဲ့ အဲဒီနေ့ကို ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့အဖြစ် သတ်မှတ်ပြီး စားသုံးသူတွေရဲ့ အခြေခံအခွင့်အရေးတွေကို သတိပြုမိကြစေဖို့၊ လိုအပ်ချက်တွေကို အလေးထားနိုင်ဖို့နဲ့ စားသုံးသူတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ကမ္ဘာအရပ်ရပ်မှာ စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။

 

ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ရေး

 

သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှု၊ ဆွေးနွေးမှုတွေရဲ့ ရလဒ်တစ်ခုအဖြစ် ၁၉၈၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်မှာ စားသုံးသူတွေကို ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စတွေ၊ အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စတွေ၊ အငြင်းပွားမှု ဖြေရှင်းရေးစနစ်တွေအတွက် လမ်းညွှန်ချက်တွေ ဖော်ပြ ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒတွေ၊ ဥပဒေတွေထဲမှာ ဘယ်လိုအချက်တွေ ပါသင့်တယ်ဆိုတာ တွေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အမူအကျင့်ကောင်းတွေက ဘာတွေလဲ ဆိုတာတွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပြုသင့်တဲ့အချက်တွေ စတဲ့စတဲ့ လမ်းညွှန်ချက်တွေထည့်သွင်းထုတ်ပြန်ထားပါတယ် (UNCTAD, 2016)။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumers International) က နှစ်စဉ် ဦးဆောင်ကျင်းပနေတာပါ။ ဒီအဖွဲ့ကြီး ကို နိုင်ငံပေါင်းတစ်ရာကျော်က အဖွဲ့ အစည်းနှစ်ရာကျော်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါသတဲ့။ နှစ်ပေါင်းခြောက်ဆယ် ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအဖွဲ့ကြီးက စားသုံးသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဦးဆောင်အခန်း ကဏ္ဍကနေ  ပါဝင်ဆောင်ရွက်နေပါသတဲ့။

အစမှာတင်ပြခဲ့တဲ့အတိုင်း ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ရယူ၊ သုံးစွဲသူတွေကို စားသုံးသူလို့ ခေါ်တာဖြစ်တဲ့အပြင် ကုန်စည်၊ ဝန်ဆောင်မှုတွေရဲ့ အမျိုးအမည်တွေ၊ အမျိုးအစားတွေက များပြား လွန်းတာမို့ စားသုံးသူအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်စရာကိစ္စတွေကလည်း တကယ်ကို ကျယ်ဝန်းနက်ရှိုင်း ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားတွေ ကျင်းပရာမှာ အရာအားလုံးကို အာရုံစိုက်ဖို့ ဆိုတာထက် တစ်ခုခုကိုဦးတည်ချက်ထားပြီး ဆောင်ရွက်တာက ပိုပြီးထိရောက်နိုင်ခြေရှိတဲ့အတွက် နှစ်အလိုက် ဆောင်ပုဒ်တွေချမှတ်ပြီး လှုပ်ရှားဆောင်ရွက်ကြပါတယ်။ Better Digital World (2017)၊ Making Digital Markdt-places Fairer (2018)၊ Trusted Smart Products (2019)၊ The Sustainable Consumer (2020)၊ Tackling Plastic Pollution (2021)၊ Fair Digital Finance (2022)၊ Clean Energy Transitions (2023) အစရှိသဖြင့် ဆောင်ပုဒ်တွေ သတ်မှတ်လှုပ်ရှားခဲ့ကြပြီးတော့ ဒီနှစ်အတွက်ဆောင်ပုဒ်ကတော့ ဆောင်းပါး ခေါင်းစဉ်အတိုင်း Fair and Responsible AI for Consumer (မျှတအလေးမူ တာဝန်ယူ၊  စားသုံးသူအကျိုးပြု ဉာဏ်ရည်တု) ပါတဲ့ (Consumers Inter-national, 2024)။

 

(AI) လို့ခေါ်တဲ့ ဉာဏ်ရည်တု

 

Alan Turing ဆိုတဲ့ သူတစ်ယောက်က စက်တွေ စဉ်းစားနိုင်သလားဆိုတဲ့ မေးခွန်းကို အဖြေရှာကြည့်ခဲ့ရာက ၁၉၅၀ ဝန်းကျင်မှာ Artificial Inelli-gence (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုဆိုင်ရာ အယူအဆပေါ်ခဲ့တာပါတဲ့။ ၁၉၅၅ မှာ AI Program တစ်ခုစပြီး ထွင်ခဲ့ကြပါသတဲ့။ ဒီကြားကာလမှာတော့ ဉာဏ်ရည်တုဆိုင်ရာ ကိစ္စတွေရဲ့ဖြစ်ထွန်းမှုက တက်လိုက်၊ ကျလိုက်ရှိနေခဲ့ပါတယ်။ ဉာဏ်ရည်တုရဲ့ အသုံးဝင်မှုကလည်း နည်းပညာကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍစတဲ့ ကဏ္ဍပေါင်းစုံအထိ ခြေဆန့်လာခဲ့ပါတယ် (Anyoha, 2017)။ ဒီကနေ့ခေတ်မှာ ဆိုရင်တော့ AI နဲ့ ကင်းတဲ့နယ်ပယ်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ သူ့ကြောင့်လည်း ကဏ္ဍအတော်များများရဲ့ တိုးတက် မှုက ကြောက်ခမန်းလိလိ ဖြစ်လာတယ်လို့ ဆိုရမှာပါ။

AI ဆိုတာဘယ်လိုပါလို့ အဓိပ္ပာယ်တိတိကျကျဖွင့်ဖို့ခက်ပေမယ့် ကွန်ပျူတာစနစ်တွေ၊ စက်တွေကို လူသားဉာဏ်ရည်က အလုပ်လုပ်သလိုမျိုး လုပ်နိုင်အောင် စီစဉ်ထားတဲ့အရာတစ်ခုလို့ ဆိုရမှာပါပဲ။ ဒါပေမယ့် လူတွေရဲ့ဉာဏ်က ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်အတိုင်းအတာအထိ အလုပ်လုပ်နိုင်တယ်ဆိုတာမျိုးတိတိ ကျကျပြောဖို့ကလည်း ထပ်ပြီးခက်သွား ပြန်တယ် (Kaplan, 2016)။ အချက်အလက်ပေါင်းများစွာကို စုဆောင်း၊ သိုလှောင်ထားပြီး ပေးလိုက်တဲ့အမိန့် အတိုင်း သက်ဆိုင်ရာအလုပ်ကို လုပ်နိုင်အောင် စီစဉ်ထားတဲ့သဘောပါ။

ဉာဏ်ရည်တုကို ကဏ္ဍပေါင်းများစွာ မှာ သုံးကြတယ်ဆိုပေမယ့် ဒီနေရာမှာတော့ စားသုံးသူတွေနဲ့ပတ်သက်တဲ့ နယ်ပယ် အကြောင်းကိုပဲဦးတည်ပြီး ဆွေးနွေးတင်ပြပါ့မယ်။ ၁၉၈၀ တစ်ဝိုက်လောက်မှာ  ဘောဂဗေဒ ပညာရှင်တွေက စားသုံးသူတွေရဲ့ သတင်းအချက်အလက် လုံခြုံမှုနဲ့ပတ်သက်လို့ အလေးအနက် တွေးလာကြပါတယ်။ ဥပမာ- သူတို့က ကုန်ပစ္စည်းတစ်ခုခု၊  ဝန်ဆောင်မှု တစ်ခုခုနဲ့ပတ်သက်လို့ ဈေးဘယ်လောက် အထိပေးနိုင်တယ်၊ ပေးချင်တယ်ဆိုတဲ့အချက်ကို လျှို့ဝှက်ထားချင်ကြတယ်။ တစ်ဖက်မှာလည်းပဲ ထုတ်လုပ်သူတွေ၊ ဝန်ဆောင်မှုပေးသူတွေက သူတို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု အမှန်ကုန်ကျစရိတ်ကို လျှို့ဝှက်ထားချင်ကြတယ်။ AI ပေါ်လာ တော့ သူ့အစွမ်းနဲ့ ဘယ်လိုစားသုံးသူ မျိုးတွေက ဘယ်လိုကုန်ပစ္စည်းမျိုးတွေ ကို လိုချင်ကြတယ်၊ ဘယ်ဈေးနှုန်း လောက်အထိ ပေးချင်ကြတယ်ဆိုတာ မျိုးကို ယေဘုယျသဘောခြုံငုံပြီး သိနိုင်တဲ့  အနေအထားဖြစ်လာတယ်။ ဒီသတင်းအချက်အလက်တွေကို ရောင်း တဲ့ သူတွေပေါ်လာသလို လုပ်ငန်းရှင်တွေကလည်းဝယ်ပြီး လိုသလိုအသုံးချလာကြတယ်။ ဒီလိုသတင်းအချက် အလက်တွေသုံးပြီး ဘယ်လိုဖောက်သည်အတွက် ဘယ်လိုထုတ်ကုန်ထုတ်ရမယ်၊ ဒီဇိုင်းဘယ်လိုပြောင်းရမယ်၊ ဈေးနှုန်း ဘယ်လောက် သတ်မှတ်ရမယ်ဆိုတာမျိုးတွေကို ဆုံးဖြတ်ကြတယ်။ ဒီအနေအထားကြောင့် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိလာတယ်။ ဖောက်သည်တွေ တစ်နည်းအားဖြင့် စားသုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် မလုံခြုံမှုတွေရှိလာသလို သတင်းအချက်အလက်တွေ အပေါ်မှာ အလွဲသုံးမှုတွေလည်း ရှိလာတယ်။ စားသုံးသူတွေအပေါ် တစ်နည်းတစ်ဖုံ ထိခိုက်မှုတွေရှိလာတယ် (Jin, 2018)။

 

ကုန်စည်၊ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတိုးတက်လာ

 

တစ်ဖက်မှာလည်း ဒီဉာဏ်ရည်တုကြောင့် ကုန်စည်၊ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတိုးတက်လာတာတွေ ရှိပါတယ်။ ဉာဏ်ရည်တုကြောင့် အဘက်ဘက်မှာ တိုးတက်မှုတွေ ရှိလာ တာကို မငြင်းနိုင်သလို သူကနေရလာ မယ့် အန္တရာယ်တွေကိုလည်း မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ပြန်ပါဘူး။ သတင်းမှားတွေ ပေးလိုက်တာမျိုး၊ မပြည့်စုံတဲ့သတင်း အချက်အလက်တွေကို ပေးလိုက်တာမျိုးတွေလည်း ရှိလာတယ်။

 

သိသာတဲ့ အန္တရာယ်တစ်ခု

 

ဉာဏ်ရည်တုကိုသုံးပြီး သတင်း အချက်အလက်အတု၊ အမှားတွေ ဖန်တီးလာကြတာမျိုးလည်း ရှိပါတယ်။ အရှိန် အဟုန်ကောင်းကောင်းနဲ့ တိုးတက်နေတဲ့ ဉာဏ်ရည်တု နည်းပညာတွေအပေါ်မှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မနည်းမီအောင်လိုက်ပြီး ထိန်းကျောင်းနေရတာမျိုးလည်း ရှိလာတယ်။ သာမန်သတင်းအချက်အလက် အမှားမျိုးတွေ သာမက ဓာတ်ပုံအတု၊ အသံအတု၊ ရုပ်ရှင်အတုတွေကိုလည်း အစစ်နဲ့ခွဲဖို့ခက်တဲ့ အနေအထားလောက်အထိ ဖန်တီးလာကြတယ်။ အမေရိကန်မှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အသံအတုနဲ့ New Hampshire က ပြည်သူတွေဆီ မဲမပေးဖို့ဖုန်းတွေလိုက်ဆက်တဲ့ ကိစ္စဖြစ်ခဲ့သေးသတဲ့။ ဖုန်းအခေါ်ခံရတဲ့သူ ဘယ်နှယောက်လောက်က ဒီအသံကို အတုမှန်းသိနိုင်မလဲဆိုတာလည်း မေးစရာဖြစ်လာတယ်။ ဘယ်သူ လုပ်တယ်၊ ဘယ်လိုအရေးယူရမယ်ဆိုတာ စုံစမ်းစစ်ဆေးနေတုန်းပါ။ ဒါက ဉာဏ်ရည်တုနဲ့ ပတ်သက်တဲ့ သိသာတဲ့ အန္တရာယ်တစ်ခုပါ။

ဉာဏ်ရည်တုကြောင့် တိုးတက်မှုတွေ အများကြီးရှိလာသလို အန္တရာယ်တွေလည်း ဒွန်တွဲပြီးပါလာတယ်။ Norwegian Consumer Council က ဆိုရင် Ghost in the machine (စက်ထဲကတစ္ဆေ) လို့တောင် သုံးနှုန်း လိုက်တယ်။ ဉာဏ်ရည်တုနဲ့ ပတ်သက်၍ သိသင့်သမျှဆိုတဲ့ စာအုပ်ထဲမှာလည်း “ဉာဏ်ရည်တုက သမိုင်းတစ်လျှောက် အကြီးမားဆုံး  တီထွင်မှုကြီးလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာကြီးက အသင့်ဖြစ်နေရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ AI ကြောင့် ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေကို ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ ဒီကနေ့ကမ္ဘာကြီးက အဆင်သင့်ဖြစ်၊ မဖြစ် သံသယရှိစရာ ဖြစ်နေသေးတယ်ဆိုတဲ့ သဘောပါ။ ဒီနေရာမှာတော့ သူ့ကြောင့် စားသုံးသူတွေရဲ့အခွင့်အရေး မထိခိုက် စေဖို့၊ နစ်နာမှုတွေမဖြစ်စေဖို့ ကိစ္စက အရေးတကြီးကိစ္စတစ်ခုလို့ ပြောရမှာပါ ပဲ။ ဒါ့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ရဲ့ ဆောင်ပုဒ်ကို “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု လို့ သတ်မှတ် ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာတွေက ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ ဖြေရှင်းလိုက်လို့ ပြေလည်သွားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်း၊ တစ်နိုင်ငံတည်း ကိုင်တွယ် ဖြေရှင်းနေရုံနဲ့လည်း အဆင်မပြေနိုင်ပါဘူး။ ကမ္ဘာတစ်ဝန်းလုံးက ပညာရှင်တွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေ၊ မူဝါဒချမှတ်နိုင်သူတွေ၊ ဥပဒေပြုနိုင်သူတွေ၊ သက်ဆိုင်သူတွေ အားလုံးဝိုင်းဝန်းပူးပေါင်းကိုင်တွယ်ကြရမယ့်ကိစ္စပါ။ ဉာဏ်ရည်တုကြောင့် စားသုံးသူအပေါ် ထိခိုက်နိုင်မှုတွေ ပပျောက်သွားအောင်၊ ကောင်းကျိုးတွေပဲ ဖြစ်ထွန်းလာအောင်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကူးသန်းရောင်းဝယ်မှုတွေ ဖြစ်လာ အောင် ဝိုင်းဝန်းကြိုးစားကြရမှာပါ။

 

အားလုံးဝိုင်းဝန်း အဖြေရှာကြရမယ့်ကိစ္စ

 

ဘယ်ကဏ္ဍတွေမှာ ဉာဏ်ရည်တုကို သုံးခွင့်ပြုကြမလဲ၊ ဘယ်အတိုင်းအတာအထိ သုံးခွင့်ပြုကြမလဲ၊ အန္တရာယ် ဖြစ်နိုင်ခြေရှိတဲ့ နယ်ပယ်တွေက ဘာတွေလဲ၊ ဉာဏ်ရည်တု အမျိုးအစားတွေကို ဘယ်လိုခွဲခြားသတ်မှတ်ကြမလဲ၊ နစ်နာမှုတွေပေါ်ပေါက်လာရင် ဘယ်လို ကုစားကြမလဲ၊ ရေရှည်အကျိုးစီးပွားကိုဖော်ဆောင်နိုင်မယ့် မူဝါဒတွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဒီလုပ်ထုံးလုပ်နည်းတွေကိုအကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေကို ဘယ်လိုပြုပြင် ကြမလဲဆိုတာတွေက အားလုံးဝိုင်းဝန်း အဖြေရှာကြရမယ့်ကိစ္စတွေ ဖြစ်လာပါတယ်။

ကမ္ဘာအရပ်ရပ်က နိုင်ငံတွေက စားသုံးသူတွေရဲ့ အခွင့်အရေးတွေ မနစ်နာအောင်၊ အကျိုးစီးပွားကို မြှင့်တင် နိုင်အောင် မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းပြီး တတ်နိုင်သမျှ အကာအကွယ်ပေးနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်က စားသုံးသူအကာအကွယ် ပေးရေးဥပဒေပြဋ္ဌာန်းခဲ့သလို  ပိုမိုကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ၂၀၁၄ ဥပဒေကို ရုပ်သိမ်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေက ဉာဏ်ရည်တုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဘယ်အတိုင်း အတာအထိ ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပြီဖြစ်ပါ တယ်။ လက်ရှိကာလမှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း စားသုံးသူ ကာကွယ်ရေးဥပဒေကို  ကျေကျေ ညက်ညက်လေ့လာထားဖို့ လိုသလို စားသုံးသူတွေဖြစ်တဲ့ ပြည်သူအားလုံးကလည်း ကိုယ့်မှာဘာအခွင့်အရေးတွေရှိနေတယ်ဆိုတာကိုသိဖို့ နှံ့နှံ့စပ်စပ် လေ့လာထားပြီး အားလုံးကောင်းဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 

ရေရှည်ကောင်းကျိုးတွေ ဖြစ်လာမှာ

 

အားလုံးပူးပေါင်းကြရင် အားလုံးအတွက် ရေရှည်ကောင်းကျိုးတွေ ဖြစ်လာမှာပါ။ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ မူဝါဒချမှတ်နိုင်သူတွေ၊ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ၊ သက်ဆိုင်သူတွေအားလုံး ပူးပေါင်း ဆောင်ရွက်ကြရင် တကယ့်တိုးတက် ကောင်းမွန်မှုတွေကို သေချာပေါက် ဆောင်ကြဉ်းနိုင်မှာပါ။

လူသားအားလုံးက စားသုံးသူတွေ ဖြစ်နေတဲ့အတွက် စားသုံးသူတွေရဲ့ အကျိုးကို ရှေးရှုတာက အားလုံးရဲ့ အကျိုးစီးပွားကိုရှေးရှုတာနဲ့အတူတူပါပဲ။ ဒါ့ကြောင့် အားလုံးကောင်းဖို့၊ စားသုံး သူတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင် နိုင်ဖို့အတွက် ဉာဏ်ရည်တုနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ အလေးထားကိုင်တွယ် ကြပါစို့လို့ တိုက်တွန်းရင်း “မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။