မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု

 

ရှင်းသန့်

ယနေ့ကမ္ဘာကြီးတွင် Artificial Intelligence (AI) ခေါ် ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်မြင့်မားစွာဖြင့်  တိုးတက်နေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ လူမှုဘဝနေထိုင်ရေး စသည့်နယ်ပယ်ကဏ္ဍများတွင်  ပုံစံမျိုးစုံဖြင့် စိမ့်ဝင်ရောက်ရှိနေပြီဖြစ်ပါသည်။ AI နည်းပညာ အသွား နှစ်ဖက်ရှိသော ဓားတစ်လက်နှင့် တူလှပေသည်။ AI သည် လက်ရှိတွင် အဆင့်အမြင့်ဆုံး နည်းပညာရပ် တစ်ခုဖြစ်ပြီး လူသားတို့၏ဘဝကို  တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း AI နည်းပညာကို  အလွဲသုံးစွဲခြင်းကြောင့် လူသားများအပေါ် ထိခိုက်နစ်နာဆုံးရှုံးမှုများ ကျရောက်လာနိုင်ပါသည်။ လူသားတိုင်းသည် စားသုံးသူများဖြစ်သည့်အတွက် လူသားအားလုံးအတွက် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများသည် စားသုံးသူများ၏ ထိခိုက်နစ်နာ ဆုံးရှုံးမှုပင်ဖြစ်ပါသည်။ ထို့ကြောင့် AI နည်းပညာကို ဖန်တီးတီထွင်ဆောင်ရွက်သူများအနေဖြင့်လည်း စားသုံးသူများအား အကျိုးပြုမည့် မျှတမှုရှိပြီး တာဝန်ယူ မှုရှိသော AI နည်းပညာ‌များ ဖန်တီးအသုံးပြုရေးမှာလည်း အရေးကြီးသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိပါသည်။

ယခုအခါ အပြည်ပြည်ဆိုင်ရာ စားသုံးသူများ အဖွဲ့ (International Consumer-CI) က စားသုံးသူ များအတွက် တရားမျှတမှုရှိပြီး တာဝန်ယူမှုရှိသော AI နည်းပညာများ ဖြစ်ထွန်းလာစေရေးအတွက် တိုက်တွန်းဆော်သြသည့် အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD) အတွက်  ဆောင်ပုဒ်ကို “မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု (Fair and Responsible AI for Consumers)” ဟု သတ်မှတ်ထားပါသည်။

 

AI ၏ သဘောသဘာဝ

 

AI ဆိုသည်မှာ လူသားကဲ့သို့ စွမ်းဆောင်နိုင်ရန် တီထွင်ဖန်တီးထားသော ကွန်ပျူတာပရိုဂရမ်တစ်ခု ဖြစ်ပါသည်။ AI သည် သက်ရှိသတ္တဝါတို့၏ အလုပ်လုပ်ဆောင်သည့်ပုံစံများကို နမူနာယူပြီး ၎င်းတို့၏ ကိုယ်ပိုင် လုပ်ဆောင်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် မရပ်မနား လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိကြပါသည်။ AI တီထွင်ဖန်တီးသူပညာရှင်များက AI နည်းပညာကို လူတို့၏ အသိဉာဏ်ထက် အဆင့်နိမ့် သော AI (Narrow AI) ၊ လူကဲ့သို့ အသိဉာဏ်ရှိသော AI (Artificial General Intelligence-AGI) နှင့် လူတို့ထက်  ဉာဏ်ရည်မြင့်မားသော AI (Super Intelligence) ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားသတ်မှတ်ထားပါသည်။ ယခုလက်ရှိကာလတွင် လူကဲ့သို့ အသိဉာဏ်ရှိသော AI နည်းပညာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

 

AI နည်းပညာအသုံးပြုဆောင်ရွက်နေမှုများ

 

ယခုအခါ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) သည် မိမိတို့၏ နေ့စဉ်နေထိုင်မှု ဘဝများအတွင်း တစ်နည်းနည်းဖြင့် လျင်မြန်စွာ စိမ့်ဝင်လွှမ်းမိုးလာလျက်ရှိပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံများရှိ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းများ၊ စာပေနှင့် အနုပညာလုပ်ငန်းများ၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် လူတို့၏ ပုံမှန်နေ့စဉ်နေထိုင်မှုဘဝတွင် အသုံးပြုလျက်ရှိကြသော အက်ပလီကေးရှင်းများ၌ AI နည်းပညာ အသုံးပြုဆောင်ရွက်နေမှုများကို အနည်းငယ်တင်ပြလိုပါသည်။

စက်မှုကုန်ထုတ်လုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းများသည် ယခင်က စားသုံးသူတစ်ဦးချင်းစီ၏ ဝယ်ယူ သုံးစွဲမှုဆိုင်ရာ အမူအကျင့်အလိုက် လူကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် စနစ်မှ AI နည်းပညာဖြင့် စားသုံးသူတစ်ဦးချင်းစီ၏ ဝယ်ယူသုံးစွဲမှုဆိုင်ရာ အလေ့အကျင့်များကို ဆန်းစစ်ကာ ဝန်ဆောင်မှုပေးသည့်စနစ်သို့ ကူးပြောင်းလာပါသည်။ ထို့အပြင် AI သည် အခြားသော နည်းပညာများကဲ့သို့ပင် စားသုံးသူများ၏ အပြုအမူကို သိသိ သာသာ  ပြောင်းလဲစေနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် AI နည်းပညာ အသုံးပြု၍ စားသုံးသူတစ်ဦးချင်းစီ၏ အလေ့အကျင့်၊ ကြိုက်နှစ်သက်မှုနှင့် ဝယ်ယူသုံးစွဲခြင်းဆိုင်ရာ မှတ်တမ်းများကို ဆန်းစစ်လေ့လာပြီး စားသုံးသူများက ထုတ်လုပ်ပေးစေလိုသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ  အကြံပြုချက်များကို ရယူဆောင်ရွက်နေကြပြီဖြစ်ပါသည်။  ထို့နောက် စိတ်ဝင်စားမှု တူညီသော စားသုံးသူအုပ်စုများအလိုက် ၎င်းတို့စိတ်ဝင်စားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ကြပါသည်။  ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ငွေကုန် အချိန်ကုန် သက်သာစေသကဲ့သို့ စားသုံးသူတစ်ဦးချင်းအနေဖြင့် လည်း ၎င်းတို့ စိတ်ဝင်စားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အလွယ်တကူ  သိရှိဝယ်ယူနိုင်ကြပြီ ဖြစ်ပါသည်။

အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် အချိန်ကုန် ငွေကုန်သက်သာစေသည့် အလိုအလျောက်ဖြေကြား ပေးနိုင်သော AI Chatbotsများကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြပါသည်။ ထိုသို့အသုံးပြုခြင်းဖြင့် စားသုံးသူများက ၎င်းတို့ ဝယ်ယူသုံးစွဲလိုသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို အလွယ်တကူ ဆက်သွယ်စုံစမ်းဝယ်ယူလာနိုင်ပါသည်။ ထို့အပြင် အွန်လိုင်းကြော်ငြာလုပ်ငန်းများကလည်း စားသုံးသူ တို့ ရှာဖွေလေ့ရှိသော အချက်အလက်များ၊ ဝယ်ယူမှုဆိုင်ရာ အလေ့အကျင့်များကို လေ့လာဆန်းစစ်၍ စားသုံးသူကြိုက်နှစ်သက်မှုရှိနိုင်သော ကြော်ငြာများကို စားသုံးသူ၏ မျက်စိရှေ့မှောက်ရောက်ရှိစေ ရေးဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။

စာပေနှင့်အနုပညာလုပ်ငန်းတွင် AI နည်းပညာ ဖြင့် သတင်းဆောင်းပါးရေးသားခြင်း၊ စာအုပ် ရေးသားခြင်း၊  ဝတ္ထုနှင့် ကဗျာများရေးသားခြင်း၊ ပန်းချီဆွဲခြင်း၊ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်း၊ တေးသီချင်းဖန်တီးခြင်းများကို ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် ကြည့်ရှုနားဆင်သူတစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီမည့် တေးသီချင်းနှင့် ရုပ်ရှင်ဗီဒီယိုများအား အလွယ်တကူ တွေ့မြင်နိုင်စေရေး တေးသီချင်းနားဆင်သူနှင့် ရုပ်ရှင်ကြည့်ရှုသူများ၏ အလေ့အကျင့်များကို AI နည်းပညာဖြင့် လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။

ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၌ AI နည်းပညာကို အသုံးပြု၍ မှန်ကန်မှုမရှိသော ငွေကြေးလွှဲပြောင်းခြင်းများကို ရှာဖွေဖော်ထုတ်ခြင်း၊ စားသုံးသူဝန်ဆောင်မှုပေးရာတွင် ဝန်ထမ်းအင်အား လျှော့ချနိုင်ရေးအတွက် အလိုအလျောက်ဖြေကြားပေးနိုင်သည့် AI Chatbots အသုံးပြုခြင်း၊ စားသုံး သူ၏ လူမှုကွန်ရက်မီဒီယာပေါ်ရှိ အချက်အလက်များကို အသုံးပြု၍ ချေးငွေနှင့်ပတ်သက်သော ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ခွဲခြားစိစစ်ခြင်း၊ စားသုံးသူ၏ Lifestyle Score အပေါ်အခြေခံ၍ စားသုံးသူ ကြိုက်နှစ်သက်နိုင်မည့် စျေးကွက်ကြော်ငြာကမ်ပိန်းများပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိကြပါသည်။ ထို့အပြင် လိမ်လည်လှည့်ဖြားမှုဆောင်ရွက်နိုင်သည့် သံသယဖြစ်ဖွယ်အပြုအမူများနှင့် ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များကို ရှာဖွေဖော်ထုတ်၍ စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး စားသုံးသူများ၏ ငွေကြေးဆုံးရှုံးမှုမဖြစ်စေရေး၊ အကောင့်ခိုးယူခံရမှုများမရှိစေရေး ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ပညာရေးကဏ္ဍတွင် AI ကို အသုံးပြု၍ ကျောင်းသား ကျောင်းသူများအား အဆင့် (Grade) သတ်မှတ်ခြင်း၊ AI Chatbot ဖြင့် ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ ဆက်သွယ်ခြင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ရှာဖွေရန် အထောက်အကူပြုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွင် လူနာတစ်ဦး၏ ဆေးကုသမှုမှတ်တမ်းများကို မှတ်သားနိုင်သည့် AI နည်းပညာသုံး အက်ပလီကေးရှင်းများ၊ ဆရာဝန်နှင့် လူနာတို့အကြား ပြောဆိုဆွေးနွေး နိုင်သည့် AI Chatbotများကို အသုံးပြုလာကြပြီ ဖြစ်ပါသည်။ ထို့အပြင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးသည့်အနေဖြင့် ဆေးသောက်ရန် သတိပေးခြင်း၊ နေ့စဉ်လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင် ကူညီပေးခြင်းများလည်း ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

ထို့အပြင် စားသုံးသူများအနေဖြင့် AI နည်းပညာ ဖြင့် အခြေခံဖန်တီးထုတ်လုပ်ထားသည့် Google Maps နှင့် Apple Maps၊ Google Assistant၊ Google Translate ကဲ့သို့သော အက်ပလီကေးရှင်းများ၊ ဉာဏ်ရည်တု နည်းပညာ သုတေသနပြုလေ့လာရေးအဖွဲ့အစည်းဖြစ်သည့် Open AI မှ ထုတ်လုပ်သော Chat GPT ကဲ့သို့သော အက်ပလီကေးရှင်းများအား ၎င်းတို့၏ နေ့စဉ်နေထိုင်မှုဘဝကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ရေး အသုံးပြုလျက်ရှိကြပါသည်။ ထို့အပြင် Facebook ၊ TikTok ကဲ့သို့သော အက်ပလီကေးရှင်းများသည် AI နည်းပညာကို အသုံးပြု၍ စားသုံးသူများ စွဲလမ်းနှစ်သက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။

 

AI ၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ

 

AI ကို တီထွင်ဖန်တီးရာတွင် အချက်အလက်များ (Data) သည် အဓိကအသက်သွေးကြောဖြစ်ပါသည်။ တိကျခိုင်မာမှန်ကန်မှုမရှိသော အချက်အလက်များ၊ ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုရှိသော အချက် အလက်များကို အသုံးပြုမိခြင်းကြောင့် သတင်းအမှားများဖြစ်ပေါ်စေခြင်း၊ စားသုံးသူတို့၏ ယုံကြည်မှု ပျက်ပြားစေခြင်းနှင့် ဘက်လိုက်ခြင်းများ ဖြစ်စေနိုင် သည့်အတွက် စားသုံးသူများအား နစ်နာဆုံးရှုံးမှုများ ခံစားရစေနိုင်ပါသည်။ ဥပမာအားဖြင့် ခရီးသွား အေဂျင်စီတစ်ခုသည် ခရီးသည်များ၏ အထောက် အထားများကို စစ်ဆေးရာတွင် Facial Recognition Software ကို စမ်းသပ် အသုံးပြုပြီး ခရီးသည်၏ ID နှင့် နှိုင်းယှဉ်စစ်ဆေးခဲ့ရာ အဆိုပါ Software ၌ အသုံးပြုထားသည့် AI ကို လေ့ကျင့်သင်ကြားပေးရာတွင် လူမျိုးရေးခွဲခြားမှု ရှိသော အချက်အလက်များပါရှိခဲ့သည့်အတွက် အာရှသားနှင့် အာဖရိကသားများ၏ မျက်နှာကို အသိအမှတ်မပြုခြင်းများဖြစ်ပေါ်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။

စားသုံးသူအား ဝန်ဆောင်မှုပေးရန် အလိုအလျောက် ဖြေကြားပေးနိုင်သည့် AI Chatbotsများ အသုံးပြုကြရာတွင်လည်း အဆင့်မမီသော Chatbotsများကို သုံးစွဲမိခြင်းကြောင့် စားသုံးသူများ အားလုံး စိတ်ကျေနပ်မှုရှိစေသည့် အဖြေများပေးရန် ခက်ခဲခြင်း၊ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက တင်ပြရန်ခက်ခဲခြင်း စသည်ဖြင့် အဆင်မပြေမှုများ ကြုံတွေ့ရသည့်အတွက် စားသုံးသူများ၏ ယုံကြည်မှုများ လျော့နည်းကျဆင်းခြင်း၊ Chatbots အသုံးပြု ရန် စိတ်ဝင်စားမှုလျော့နည်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူများအနေဖြင့် စမတ်ဖုန်း၊ အီးမေးလ်၊ လူမှုမီဒီယာအကောင့်များ စသည်တို့ကို အသုံးပြုရာ တွင် AI တီထွင်ဖန်တီးသူများက မိမိ၏အချက် အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခြင်းခံရ နိုင်သည့်အတွက် စိတ်မလုံခြုံမှုများ ခံစားရစေနိုင်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၎င်းတို့ နိုင်ငံသားများ၏ Dataများကို မကောင်းသောလုပ်ရပ်များတွင် အသုံးချခံရမှုမရှိစေရေး ဥပဒေများပြဋ္ဌာန်း ၍ ကာကွယ်ပေးလျက်ရှိကြပါသည်။ Clearview AI Database ကုမ္ပဏီသည် အွန်လိုင်းအသုံးပြုသူများ၏ ဓာတ်ပုံဘီလီယံပေါင်းများစွာကို လျှို့ဝှက်စုဆောင်းပြီး ကမ္ဘာ့အကြီးဆုံး Face Recognition Database တည်ဆောက်ထားပါသည်။ အဆိုပါ ဓာတ်ပုံအများစုကို ဆိုရှယ်မီဒီယာများ၊ YouTube နှင့် အခြားသော အွန်လိုင်းပလက်ဖောင်းများမှ ရယူထားခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ Clearview AI ကုမ္ပဏီကို အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဂရိ၊ သြစတြေးလျနှင့် ကနေဒါနိုင်ငံများက ဓာတ်ပုံများ တရားမဝင်စုဆောင်းမှုအတွက် အဆိုပါနိုင်ငံများရှိ ဥပဒေများနှင့်အညီ အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် စားသုံးသူများအနေဖြင့် အွန်လိုင်းပေါ် မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲ ကြရာတွင် နစ်နာမှုမရှိစေရေး သတိပြုသင့်သော အချက်အလက်များကို စိစစ်လေ့လာသင့်ပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စားသုံးသူတစ်ဦးသည် အမေဇုံအွန်လိုင်းရောင်းဝယ်ရေး ပလက်ဖောင်းမှ ခရီးသွားလမ်းညွှန်စာအုပ်တစ်အုပ်ကို စာရေးဆရာကိုယ်တိုင် ရေးသားပြုစုထုတ်ဝေထားသော စာအုပ် ဟု ထင်မှတ်ပြီးဝယ်ယူခဲ့ကြောင်း၊ အဆိုပါစာအုပ်သည် 5 Star Review ရှိသည့်အတွက် ယုံကြည်စွာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် AI ဖြင့် ရေးသားထားသည့် စာအုပ်ဖြစ်နေသည့်အတွက် စိတ်ကျေနပ် မှုမရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

AI ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပုံနှိပ်ကြော်ငြာ ဝင်ငွေများကျဆင်းလာပြီး ကမ္ဘာလုံးဆိုင်ရာ မီဒီယာ လုပ်ငန်းအပါအဝင် အခြားသောလုပ်ငန်းနယ်ပယ်များ၌ လုပ်သားအင်အား လျှော့ချခြင်းများဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် စားသုံးသူများအား ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် ဝန်ထမ်းများအစား AI နည်းပညာကို အစားထိုးသုံးစွဲ လာခြင်းကြောင့် အလုပ်လက်မဲ့လုပ်သားဦးရေ တိုးပွားလာနိုင်သည့် အလားအလာရှိနေကြောင်း သိရှိရပါသည်။

 

တာဝန်ယူမှုရှိသော AI ဆိုသည်မှာ

 

တာဝန်ယူမှုရှိသော AI ဆိုသည်မှာ လူမှုကျင့်ဝတ် ဆိုင်ရာ စံနှုန်းများနှင့် လျော်ညီခြင်း၊ ပွင့်လင်းမြင်သာ မှုရှိခြင်း၊ မျှတမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း၊ လုံခြုံစိတ်ချ ရမှုရှိခြင်းများပါရှိသော AI ကို တီထွင်ခြင်းနှင့် အသုံးပြုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်ပေးခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ စားသုံးသူထိခိုက် နစ်နာမှုမရှိစေရေးကာကွယ်ပေးခြင်း စသည့်အချက်များကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အကယ်၍ စားသုံးသူတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်မိလျှင် မိမိ၏နာမည်ဂုဏ် သတင်းကျဆင်းခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် အရေးယူခံရခြင်းများ ကြုံတွေ့ရနိုင်ပါသည်။

တာဝန်ယူမှုရှိသော AI ဖြစ်စေရေးအတွက် ပထမဦးစွာ စားသုံးသူများ၊ မိတ်ဖက်လုပ်ငန်းများ နှင့် ယုံကြည်မှု တည်ဆောက်ထားရှိရန် လိုအပ်ပါသည်။ သို့မှသာ စားသုံးသူများက ယုံကြည်စိတ်ချရသော AI စနစ်အဖြစ် လက်ခံကျင့်သုံးပြီး အပြုသဘော ဆောင်သော တုံ့ပြန်မှုများ ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် လူသားအားလုံးအပေါ်တွင် တရားမျှတမှုရှိပြီး ဘက်လိုက်မှုကင်းသော AI စနစ်အဖြစ် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် ပြစ်ဒဏ်ပေးခံရခြင်းနှင့် တရား ရင်ဆိုင်ရခြင်းများမရှိစေရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။ စတုတ္ထအချက်အနေဖြင့် ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် လုံခြုံစိတ်ချ ရမှုရှိသော AI စနစ်များ တီထွင်ဖန်တီးရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

မည်သည့်နည်းပညာရပ်မဆို ကောင်းကျိုးနှင့် ဆိုးကျိုးဒွန်တွဲလျက်ရှိသည်မှာ လောကဓမ္မတာပင် ဖြစ်ပါသည်။ သို့ဖြစ်၍ AI နည်းပညာကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျှော့ချ နိုင်စေရေးအတွက် စားသုံးသူများအား အများပြည်သူ သုံးဝိုင်ဖိုင် (Free Wi-Fi)များ အသုံးပြုခြင်း၊ မိမိဖုန်းတွင် မလိုအပ်ဘဲ မိုဘိုင်းဒေတာ သို့မဟုတ် ဝိုင်ဖိုင် ဖွင့်ထားခြင်းနှင့် မိမိ၏တည်နေရာဖွင့်ထားခြင်းများကို ရှောင်ရှားရန်၊ မိမိ၏ ကိုယ်ပိုင်အီလက်ထရောနစ် ပစ္စည်းများ (ဥပမာ-ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ) ထဲသို့ အပလီကေးရှင်း ထည့်သွင်းမည်ဆိုပါက Terms and Conditions များကို သေချာစွာဖတ်ရှုရန်၊ အင်တာနက်အပေါ်တွင် မိမိကိုယ်တိုင် သို့မဟုတ် အခြားသူတို့၏ ဓာတ်ပုံများကို အလွယ်တကူ တင်ခြင်းများရှောင်ရှားရန်နှင့် မိမိအပါအဝင် အခြားသူများ၏ အချက်အလက်လုံခြုံရေး (Data Privacy) ကို လေးစားတန်ဖိုးထားရန် စသည့်အချက်အလက်များအပါအဝင် အခြားသော အသိပညာပေးသင့်သည့် အချက်အလက်များကို ဖော်ထုတ်အသိပေးကြရန် လိုအပ်ပါသည်။

ထို့အတူ တရားမျှတမှုရှိသော၊ လူမှုကျင့်ဝတ် စံနှုန်းများနှင့်ကိုက်ညီမှုရှိသော AI စနစ် ဖြစ်စေရန် AI ပညာရှင်များက ဘက်လိုက်မှုကင်းပြီး တိကျ မှန်ကန်သော အချက်အလက်များဖြင့် အကြိမ်ကြိမ် လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် AI နည်းပညာ ကို အလွဲသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များတွင် အမျိုးသားလုံခြုံရေးအထိ ပါဝင် လာနိုင်သောကြောင့် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများ ပြဋ္ဌာန်း၍ ထိန်းကျောင်းရန် ကြိုးစားလာ ကြသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံ တွင်လည်း နည်းပညာအလွဲသုံးမှုအန္တရာယ်များကို ထိန်းကျောင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများပူးပေါင်း၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် စားသုံးသူများအတွက် တရားမျှတမှုရှိပြီး တာဝန်ယူမှုရှိသော AI နည်းပညာများ ဖြစ်ထွန်းလာရေး၊ AI နည်းပညာကြောင့် ရရှိလာနိုင်သည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအကြောင်း အသိပညာပေးနိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးနှင့် မူဝါဒ၊ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်း နိုင်ရေးတို့အတွက် AI တီထွင်သူ ပညာရှင်များ၊ Developerများ၊ AI နည်းပညာအသုံးပြု၍ စီးပွားရေး လုပ်ငန်းဆောင်ရွက်သူများနှင့် သက်ဆိုင်ရာတာဝန် ရှိသူများ အားလုံးပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” ကို ဂုဏ်ပြုရေးသားတင်ပြလိုက် ရပေသည်။

 

ကိုးကားချက်-

https:// www. linkedin. com/ pulse/consumer- protection-ai-angela-rutledge

https://www.youtube.com/watch?v= LnHM03GdZF0

https://www.pega.com/responsible-ai