မှတ်တမ်းသစ် တင်လိုက်တဲ့ SKY Castle

၂၁ ဇန်နဝါရီ

 

လတ်တလောထုတ်လွှင့်ပြသလျက်ရှိပြီး ဒေသတွင်းမှာ ကြည့်ရှုသူအများဆုံး ရုပ်ရှင်တစ်ကားဖြစ်တဲ့ “SKY Castle”ဟာ လတ်တလောမှာတော့ မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ပြီဖြစ်ပါတယ်။ သူဟာ ယခင်က ကြည့်ရှုသူအများဆုံးအဖြစ် မှတ်တမ်းတင်ထားခဲ့တဲ့ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ “Goblin”ကို ကျော်ဖြတ်ကာ ဒရမ်မာဇာတ်လမ်းတွဲတွေသာမက အခြားသောရုပ်ရှင်တွေထဲမှာပါ ကြည့်ရှုသူအများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

“SKY Castle” ကိုတော့ JTBC ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ဟာ တောင်ကိုရီးယား ရုပ်ရှင်လောကမှာ သမိုင်းသစ်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အပိုင်းပေါင်း ၁၉ ပိုင်း ပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာတော့ ကြည့်ရှုသူထပ်မံတိုးခဲ့ကာ စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုနဲ့အတူ ပါဝင်ထားတဲ့ ဇာတ်ကောင်တွေဟာလည်း ချီးကျူးမှုတွေရရှိခဲ့တာ ဖြစ်ပါတယ်။

 

ယခင်က ထုတ်လွှင့်ခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ “Goblin” ဟာ သူထုတ်လွှင့်ခဲ့တဲ့ အချိန်မှာ ယခုလိုပင် စံချိန်တင်နိုင်ခဲ့ပါတယ်။ “Goblin” ဟာ ပြီးခဲ့တဲ့ ၂၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါရုပ်ရှင်ထုတ်လွှင့်ပြီးနောက် နှစ်နှစ်ခန့်အကြာမှာတော့ “SKY Castle” က “Goblin” ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲနှစ်ခုလုံးဟာ ဇန်နဝါရီလအတွင်းမှာပင် စံချိန်သစ်တွေ တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“SKY Castle” ဟာ နောက်ဆုံးနှစ်ပိုင်းသာ ထုတ်လွှင့်ဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းသစ်တွေကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကြေးမုံ