သိန်းထွန်း (IR)

 

မတူကွဲပြားမှုနှင့်ပေါင်းစည်းခြင်း သို့မဟုတ် လက်တွဲလုပ်ဆောင်ခြင်းသည် ကောင်းမွန်သော လူ့အသိုက်အဝန်း အတွက် အနှစ်သာရပြည့်ဝသော လိုအပ်ချက်တစ်ရပ်အဖြစ် လက်ခံယုံကြည်ထားကြပါသည်။ ယင်းသည် တစ်ဖက်နှင့်တစ်ဖက်အကြား ထပ်တူမကျမှုများကို သဘောတူညှိနှိုင်း လက်ခံပေးခြင်းအပေါ် အခြေခံခြင်း ဖြစ်၏။ မတူကွဲပြားမှုနှင့် ပေါင်းစည်းခြင်းဆိုရာတွင် ရောယှက်ခြင်း၊ လွှမ်းမိုးခြင်းသဘောကို မဆိုလို။ အပြန်အလှန် နားလည်ပေးခြင်း၊ လေးစားခြင်း၊ ထိန်းသိမ်းခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူခြင်းအပေါ် အခြေခံခြင်း ဖြစ်ပါသည်။ ယင်းအခြေခံမှတစ်ဆင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ တိုးတက်ခြင်းဆီသို့ ဦးတည်ခြင်းဖြစ်ပေသည်။ ဒီမိုကရေစီ အခြေခံသဘောအရလည်း သာတူညီမျှမှုရှိခြင်းသို့ ရည်ရွယ်လိုခြင်းဟု ဆိုရနိုင်ပါသည်။

 

မတူကွဲပြားမှု

လူသားတိုင်းတွင် မတူညီသော အပြုအမူ၊ အပြောအဆို၊ အကျင့်စရိုက်မှစ၍ မတူညီသော လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ အယူအဆ၊ အတွေးအခေါ်၊ ဓလေ့ ထုံးတမ်းများ ကွဲပြားတတ်ကြပါသည်။ ထိုမတူကွဲပြားမှု များသည်ပင် ကမ္ဘာလောကကြီး၏ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန် တစ်မျိုးပင်ဖြစ်၏။ အသေးငယ်ဆုံး လူ့အဖွဲ့ အစည်းဖြစ်သည့် တစ်အူထုံ့ဆင်း မိသားစုအတွင်း၌ ပင်လျှင် အသားအရေ၊ အရပ်အနိမ့်အမြင့်၊ စိတ်သဘော ထား၊ အပြုအမူ၊ ဓလေ့စရိုက်၊ စိတ်ဝင်စားမှု၊ အယူအဆတို့ ကွဲပြားတတ်ကြသည်ဖြစ်ရာ ထို့ထက်ကြီးမားသည့် လူ့အဖွဲ့အစည်းများတွင် များစွာသော မတူကွဲပြားမှုများ ရှိနေတတ်သည်မှာ သဘာဝတရား၏ ဖန်တီးချက်ပင် ဖြစ်ပါ၏။

 

မတူညီသော လူသားမျိုးနွယ်များ၊ မတူညီသော သတ္တဝါမျိုးစိတ်များ၊ မတူညီသော အပင်မျိုးစိတ်များ၊ မတူညီသော ရေမြေတောတောင် သဘာဝများသည် လူသားဖန်တီးသည့် လူလုပ်အရာများ မဟုတ်။ သဘာဝ တရား၏ ပေးထားချက်ပင်ဖြစ်၏။ သဘာဝတရား မတူညီမှုများတွင် ရုပ်ပိုင်းဆိုင်ရာ မတူကွဲပြားမှုများ သာမက စိတ်ပိုင်းဆိုင်ရာ မတူကွဲပြားမှုများလည်း ရှိနေပါ၏။ ထိုမတူကွဲပြားမှုများကို လူသားတို့ မည်ကဲ့သို့ ရှုမြင်သုံးသပ် အသုံးချနိုင်စွမ်းသည် လူ့အဖွဲ့အစည်း တစ်ရပ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့အပေါ် လွှမ်းမိုး နေပါသည်။

 

ပေါင်းစည်းမှု

ဤနေရာတွင် ပေါင်းစည်းနေထိုင်ခြင်း သဘော သည် ပေါင်းစပ်ခြင်းသဘောမဟုတ်။ မတူကွဲပြားမှုများကို နားလည်ပေးခြင်း၊ လက်ခံပေးခြင်း၊ ညှိနှိုင်းခြင်း၊ စုပေါင်းလုပ်ကိုင်ခြင်းဖြင့် ပဋိပက္ခကို ရှောင်ရှားခြင်း၊ တည်ငြိမ်မှုနှင့် တိုးတက်မှုကို ရှာဖွေလိုခြင်း သဘောဖြစ်သည်။ သို့ဖြစ်သည့်အတွက် မိမိ၏ရပ်တည်ချက်၊ ခံယူချက်၊ သဘောထား တို့ကို စွန့်လွှတ်ရသည့်သဘောဟု မယူဆနိုင်ချေ။

 

မတူကွဲပြားမှုများနှင့် ပေါင်းစည်းခြင်းသည် ကွဲပြားခြားနားသော တစ်ဦးတစ်ယောက်ချင်းစီ သို့မဟုတ် အုပ်စုများ အကြား သဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြဆိုပါသည်။ ယင်းသည် တူညီမှုမရှိဘဲ ပေါင်းစည်းမှုနှင့် ကွဲထွက်မှုမရှိဘဲ ကွဲပြားမှုအယူအဆ ဖြစ်ပါသည်။ ယင်းသည် ရုပ်ပိုင်းနှင့် စိတ်သဘောကွဲပြား ခြားနားမှုများအပေါ် စိတ်ရှည်သည်းခံမှုကို အခြေခံသော ပေါင်းစည်းမှုဆီမှတစ်ဆင့် ကွဲပြားခြားနားမှုသည် လူသားတို့အကြား အပြန်အလှန်ဆက်ဆံရေးကို တိုးမြင့်စေသည်ဆိုသည့် နားလည်မှုအပေါ်အခြေခံသော ပိုမိုရှုပ်ထွေးသည့် ပေါင်းစည်းမှု သို့ အဓိကဦးတည်ပါသည်။

 

မတူကွဲပြားမှုနှင့် ပေါင်းစည်းခြင်း သို့မဟုတ် မတူကွဲပြားမှုနှင့် စုပေါင်းလုပ်ဆောင်ခြင်းသည် ဘုံသဘောတူညီချက် ရရှိရေး၊ ညှိနှိုင်းဆွေးနွေးရေးကဲ့သို့သော ဒီမိုကရေစီနည်းလမ်းများဖြင့် အဖြေရှာတည်ဆောက်ခြင်း ဖြစ်၏။ သို့မှတစ်ဆင့် ကာလရှည်ကြာ ပေါင်းစည်းနေထိုင်နိုင်သည့် လူမှုဝန်းကျင်ကို ဖန်တီး တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။

 

အခြေခံလိုအပ်ချက်

မတူကွဲပြားမှုနှင့် ပေါင်းစည်းရန်၊ စုပေါင်းလုပ်ကိုင်ရန် ဆိုရာတွင် အပြောလွယ်သလောက် အလုပ်ခက်သည် ဟုလည်း ဆိုနိုင်ပါသည်။ မတူကွဲပြားမှုများနှင့် စုပေါင်းလုပ်ကိုင်ခြင်း၏ နောက်ကွယ်တွင် သဘောတူညီမှုရှိခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ သည်းခံနိုင်ခြင်း၊ ရင့်ကျက်ခြင်း၊ သဘောထားကြီးခြင်း၊ စဉ်းစား တွေးခေါ်နိုင်စွမ်းမြင့်မားခြင်း ကဲ့သို့သော အရည်အသွေးများ ပါဝင်နေပါ၏။ ရေရှည်တည်တံ့သော ပေါင်းစည်းမှုတွင် ကွဲပြားသောအုပ်စုများအကြား ကိုယ်ပိုင်အမှတ်သရုပ်လက္ခဏာများနှင့် တန်ဖိုးစနစ်များကို အပြန် အလှန် နားလည်လက်ခံပေးနိုင်ရန် အထူးလိုအပ်မည် ဖြစ်သည်။

 

တရားမျှတသော၊ တည်ငြိမ်အေးချမ်းသော၊ ဖွံ့ဖြိုး တိုးတက်သော ဝန်းကျင်တစ်ရပ် တည်ဆောက်ရာတွင် မတူညီမှုများကို တွန်းအားအဖြစ် အသုံးပြုနိုင်မည်လား၊ နောက်ပြန်ဆွဲအားအဖြစ် ထားရှိမည်လားဆိုသည်မှာလည်း နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ရွေးချယ်မှု ဖြစ်နေပါသည်။ အထူးသဖြင့် မတူကွဲပြားမှုများပြားသော အခြေအနေ၊ နက်ရှိုင်းစွာသဘောကွဲလွဲနေသော အခြေအနေ၊ ရှိရင်းစွဲပဋိပက္ခများနှင့် ရင်ဆိုင်နေရဆဲအခြေအနေ၊ ပြန်လည်ထူထောင်ရန် လိုအပ်နေသော အခြေအနေကာလတို့တွင် ထိုမတူကွဲပြားခြင်းနှင့် ပေါင်းစည်းလုပ်ကိုင်ခြင်းမှာ လိုအပ်ချက်တစ်ရပ်ဟု ဒီမိုကရေစီနိုင်ငံများတွင် လက်ခံယုံကြည်ထားကြပါသည်။ ဘုံအကျိုးစီးပွားဖော်ဆောင်ရေးအတွက် ဒီမိုကရေစီ နည်းလမ်းအားဖြင့် ပေါင်းစည်းခြင်းပင် ဖြစ်၏။

 

ထိုမတူညီမှုများအကြား၊ တစ်ဦးနှင့် တစ်ဦးအကြား၊ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးနှင့် သည်းခံမှုအလေ့အကျင့်များ ရရှိ စေရန် ပထမဦးစွာ တစ်ဖက်နှင့်တစ်ဖက်အကြား အပြန်အလှန် နားလည်ရန် သို့မဟုတ် အခြားသူတစ်ဦး၏ရပ်တည်ချက်နှင့် အမှတ်လက္ခဏာ သရုပ်တို့ကို လေးစားတတ်ရန် လိုအပ်မည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လူသားသမိုင်းတစ်လျှောက် ဖြစ်လေ့ဖြစ်ထရှိသော အခြားသူများ၏ ရပ်တည်ချက်နှင့် အသက်ရှင်နေထိုင်မှုများကို မျက်ကွယ်ပြုမှုများကြောင့် သို့မဟုတ် ပြစ်တင်မှုများ ကြောင့် သံသယနှင့် မယုံကြည်မှုများမှတစ်ဆင့် တင်းမာမှုများ၊ ပဋိပက္ခများမှတစ်ဆင့် ရင်ဆိုင်တိုက်ခိုက်မှုများအထိ ဖြစ်ပွားစေခဲ့သည့် သမိုင်း ဖြစ်စဉ်များလည်း ရှိခဲ့ပြီးဖြစ်သည်။

 

ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

သမိုင်းတစ်လျှောက် လူတစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ်စေ ဆက်ဆံရေးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးသည် သိသာထင်ရှားစွာဖြစ်ခဲ့၊ ဖြစ်နေဆဲ၊ ဖြစ်နေဦးမည့် အရေးကိစ္စ လည်းဖြစ်ပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးအယူအဆ၊ တင်းမာမှုအရှိတရားနှင့် ပဋိပက္ခများအကြား ကွာဟချက် များသည် လူမှုဝန်းကျင်ကို ရှေးယခင်ကတည်းကပင် အဓိက ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ ယနေ့အထိလည်း ရှိနေဆဲပင် ဖြစ်သည်။ ယင်းခြိမ်းခြောက်မှုများသည် နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ နှင့်သာ သက်ဆိုင်နေသည်မဟုတ်။ တစ်ဖက်နှင့်တစ်ဖက်အကြား ပြိုင်ဆိုင်မှုများအပါအဝင် အာဃာတတရားများ၊ သဟဇာတမဖြစ်မှုများလည်း ပါဝင်နေတတ်ကြပါသည်။

 

သို့ဖြစ်ရာ တင်းမာမှုများ၊ ပဋိပက္ခများ လျှော့ချနိုင်ရန် မတူကွဲပြားမှုများအကြား ပေါင်းကူးနိုင်ရေးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလိုအပ်ချက်ဟု တွေ့ရှိရပါသည်။ လူမှုအသိုက် အဝန်းအတွင်း မတူကွဲပြားမှုများတည်ရှိနေခြင်းအပေါ် ရှုမြင်မှု၊ အသုံးချနိုင်စွမ်းတို့အပေါ်မူတည်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားတစ်ရပ်အဖြစ်သာမက စဉ်းစားတွေးခေါ်နိုင်စွမ်း၊ စိတ်ခံစားချက်၊ ကိုယ်ကျင့်သီလနှင့် စိတ်ပိုင်းဆိုင်ရာ ကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာရေး အဓိကနည်းလမ်းတစ်ရပ်အဖြစ်လည်း တွေ့ရှိရပါသည်။ မတူကွဲပြားမှုများ သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်ရန် လိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုထားပါသည်။

 

စုပေါင်းလုပ်ကိုင်ခြင်းနည်းလမ်း

တိုးမြင့်လာသည့် ကသောင်းကနင်းနိုင်ငံရေး၊ စီးပွားရေး၊ ကိုယ်ကျိုးစီးပွားလိုလားချက်များ တည်ရှိ နေချိန်တွင် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် စုစည်းခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများ လိုအပ်လှပါသည်။ သက်ဆိုင်ရာ ဦးဆောင်သူများအနေဖြင့် မတူကွဲပြားမှုနှင့် စုစည်းလုပ်ဆောင်ရာတွင် ရိုးသားမှုနှင့် ကိုယ်ကျိုးအတ္တနည်းမှု တို့ကဲ့သို့သော ကျင့်ဝတ်မြှင့်တင်နိုင်ရန်အတွက် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ လက်တွဲလုပ်ဆောင်ရန် လိုအပ် ပါသည်။ ယင်းသည် ဖြစ်တည်ဆဲပဋိပက္ခများ၊ အနာဂတ် ရည်မှန်းချက်များ ကိုင်တွယ်ဖြေရှင်းရာတွင် လူ့အဖွဲ့အစည်း အတွင်းရှိ မတူကွဲပြားသူများအကြား စုပေါင်း လုပ်ဆောင်နိုင်မှုအရည်အသွေး တိုးမြင့်ရရှိစေပါသည်။

 

နိုင်ငံတစ်နိုင်ငံအနေဖြင့်ဖြစ်စေ၊ လူ့အသိုက်အဝန်း တစ်ခုအနေဖြင့်ဖြစ်စေ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခွဲခြားဆက်ဆံမှု၊ တရားမျှတမှု၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် လူသားအခြေခံ လိုအပ်ချက်များအတွက် ကြိုးပမ်းကြရာတွင် စိန်ခေါ်မှု များ ကြုံတွေရလေ့ရှိတတ်ကြပါသည်။ ထိုစိန်ခေါ်မှုများ အနက် မတူကွဲပြားမှုများပြားသော လူ့အသိုက်အဝန်းတွင် စိန်ခေါ်မှုပိုမိုများပြားတတ်ကြသည်။ အထူးသဖြင့် မိမိတို့ အသိုက်အဝန်းအတွင်းရှိ တည်ရှိဆဲ မတူကွဲပြားမှုများသည်ပင် အားနည်းချက်နှင့် အဓိကစိန်ခေါ်မှု ဖြစ်လေ့ ရှိကြပါသည်။ မတူကွဲပြားမှုများကို စည်းလုံးညီညွတ်မှု အဖြစ်သို့ အသွင်ပြောင်းအသုံးပြုနိုင်ရေးသည် ယင်း လူ့အဖွဲ့အစည်းအတွက် ဦးစားပေးလိုအပ်ချက်အဖြစ် သုံးသပ်ကြပါသည်။ မတူကွဲပြားမှုများကို ပေါင်းစည်းမှုအဖြစ် ပြောင်းလဲနိုင်ခြင်းဖြင့် ခွန်အားအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ မတူကွဲပြားမှုများ နှင့်ပတ်သက်၍ ဟီလာရီကလင်တန်က “ကျွန်မတို့ လုပ်ရမယ့် အရာကတော့ ကျွန်မတို့လူ့အဖွဲ့အစည်းကို မပျက်စီးစေဘဲ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုနိုင်ဖို့နဲ့ ကွဲပြားခြားနားချက်တွေကို ဆွေးနွေးရေး နည်းလမ်းတစ်ရပ်ရှာဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောခဲ့ဖူးပါသည်။

 

ဆန္ဒရှိရန်လိုအပ်

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုများပြား၍ ကာလ ရှည်ကြာ နက်ရှိုင်းသောပဋိပက္ခများ၊ အယူအဆ ကွဲပြားမှု များရှိနေဆဲ နိုင်ငံတစ်နိုင်ငံအတွက် မတူကွဲပြားမှုနှင့် ပေါင်းစည်းခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်းဆိုသည့် ဒီမိုကရေစီနည်းလမ်း တစ်ရပ်သည် ဖြစ်တည်ဆဲစိန်ခေါ်မှုများ ဖြေရှင်းရေးအတွက်သာမက အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် လည်း ပေးဆပ်မှုအနည်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။ နည်းလမ်းလိုအပ်ချက်နှင့် အတူ အခြားလိုအပ်ချက်တစ်ခုမှာ အယူအဆနှင့်နည်းလမ်း မည်မျှကောင်းမွန်အသုံးတည့် စေကာမူ မတူကွဲပြားသူ များအကြား လက်ခံနိုင်စွမ်းနှင့် ကျင့်သုံးလိုစိတ်မှာ အခြေခံလိုအပ်ချက်အဖြစ်လည်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏ အခြေအနေတောင်းဆိုချက်နဲ့အညီ မတူကွဲပြားမှုများကို တွန်းအားတစ်ရပ်အဖြစ် ပြောင်းလဲအသုံးချ နိုင်မည်ဆိုပါက မိမိတို့နိုင်ငံရင်ဆိုင် နေရဆဲစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည် မိပါသည်။     ။