မုဒုံ ဇူလိုင် ၁၉

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းကစတင်၍ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေနိမ့်ပိုင်းနေရာများ၌ လူနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိသည်။

 

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မြို့မ(၄)ရပ်ကွက်ရှိ အုတ်ကျင်းရပ်နှင့် ဘဲရမ်းကျေးရွာရှိ လမ်းအချို့နှင့် လူနေအိမ်များအတွင်းသို့ ရေအမြင့် သုံးပေခန့် ဝင်ရောက်ကာ ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ခြေအိမ်ထောင်စု ၅၆ စု၊ ဦးရေ ၂၃၀ ခန့်ကို အခြေခံပညာမူလတန်း (မုဒုံဦး) စာသင်ကျောင်းနှင့် အောင်သိန္ဓိ ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းထားလျက်ရှိသည်။

 

ယင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သူများအား မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် စားဝတ်နေရေးအား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက စီစဉ်ဆောင်ရွက်ပေးကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သားငယ်(ပြန်/ဆက်)