ပွင့်ဖြူ   ၅   ဧပြီ   

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းတံတား ဆောက်လုပ်ရာတွင်ပါဝင်ခဲ့သော လယ်မြေနှင့် ကိုင်းမြေများအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲကို ဧပြီ ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲ အဆိုပါ မုန်းချောင်း တံတားအနီး တံတားတည်ဆောက်ရေး ရှင်းလင်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးငွေများ တောင်သူများထံ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မုန်းချောင်းတံတားကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားတည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့ - ၅ (ဆိပ်ဖြူ)မှ မုန်းချောင်းတံတား(ပွင့်ဖြူ)တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းတာဝန်ခံ ဦးညီညီဇော်နှင့် တာဝန်ရှိသူများက မုန်းချောင်း တံတားတည်ဆောက်ရာတွင် ပါဝင်သွားခဲ့သော ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ကွင်းအမှတ်(၇၇၆ / ၇၇၇)ရှိ တောင်သူ ၅ ဦး၏ လယ်မြေနှင့် ကိုင်းမြေ ၁ ဒသမ ဝ၇ ဧက အတွက်   သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးငွေ ၄၆၄၀ဝ၀ဝ ကျပ်အား တောင်သူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက မုန်းချောင်းတံတား(ပွင့်ဖြူ) တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် တံတားတည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့ - ၅ (ဆိပ်ဖြူ)မှ စီမံကိန်းတာဝန်ခံ ဦးညီညီဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မင်းဘူး- စလင်း- တညောင်လမ်းပေါ်ရှိ မုန်းချောင်းတံတား (ပွင့်ဖြူ)တည်ဆောက်ခြင်း လုပ်ငန်းအား  ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၅၀ဝ သန်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀ဝ တို့ဖြင့် တံတားအရှည်ပေ ၁၃၀ဝ ၊ တံတားအကျယ် ၂၄ ပေ၊ တံတားအမျိုးအစား သံကူကွန်ကရစ် ကြမ်းခင်းနှင့် လက်ရန်းတို့ဖြစ်ပြီး တံတားတည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့ - ၅ (ဆိပ်ဖြူ)မှ ၂၀၁၇ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွင် တာဝန်ယူ စတင်ဆောက်လုပ်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု ၉၃ ဒသမ ၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း အဆိုပါ တံတားတည်ဆောက်ရေးစီမံကိန်းမှ ဦးစီးအရာရှိ (မြို့ပြ) ဦးညွန့်လွင်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)