မုံရွာ ဩဂုတ် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ငါးတိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ရှစ်ကျောင်းမှ သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူရန်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့် ဝတ္ထုငွေများကို လောင်းလှူကြကာ သီလရှင် ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်စိမ်း၊ စားသုံးဆီနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ လယ်တီရပ်ကွက်ရှိ လယ်တီကျောင်းတိုက်ကြီး၊ ချမ်းမြသာစည်ရပ်ကွက်ရှိ နိဂြောဒါရုံကျောင်းတိုက်ကြီးနှင့် မဏိရတနာပုံ ကျောင်းတိုက်ကြီးများသို့ ရောက်ရှိပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပင့်သံဃာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ဆက်လက်၍ မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် မုံရွာမြို့နှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ပေးနေမှုများကို ကြည်ရှုအားပေးပြီး မျက်စိခွဲစိတ်လူနာများကို နေကာမျက်မှန်များနှင့် သောက်ဆေးများပေးအပ်ကာ မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအတွက် နေ့လယ်စာထမင်း၊ ဟင်း နှင့် သောက်ရေသန့်ဘူး များ လိုက်လံပေးအပ်ကြသည်။

 

အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများကို အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးခြင်းကို ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်အထိ မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူဆေးရုံကြီးတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေးသွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်လူနာ ၆၇၀၊ အကြီးစားခွဲစိတ်လူနာ ၅၄ ဦး၊ အသေးစားခွဲစိတ် လူနာရှစ်ဦးတို့ကို စမ်းသပ်ခွဲစိတ်ပေးပြီး ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ စမ်းသပ်ပြင်ပလူနာ ၁၉၉၂ ဦး၊ အကြီးစားခွဲစိတ်လူနာ ၁၅၁ ဦး၊ အသေးစားခွဲစိတ် လူနာ ၃၃ ဦးတို့ကို စမ်းသပ်ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)