မုံရွာ ၂၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမတွင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းနိုင်ဦးက လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းပြောကြားပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များကို ထုတ်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းနိုင်ဦးက စီနိုဟိုက်ဒရို ကုမ္ပဏီလီမိတက်၏ အလုပ်ခွင်အတွင်းထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သော အာမခံအလုပ်သမား ဦးဇော်လတ်၏ အကျိုးခံစားခွင့်ရရှိမည့် ငွေ(၉၅၈၂ဝဝဝ)ကျပ်အား ကျန်ရစ်သူ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နွဲ့စန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ စီနိုဟိုက်ဒရို ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ အာမခံအကျိုးခံစားခွင့်ရ အလုပ်သမားနှင့်ကျန်ရစ်သူမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


