မုန်တိုင်းငယ် နောက် ၁၂ နာရီအတွင်း အားလျော့သွားနိုင်

နေပြည်တော် ၆ ဇန်နဝါရီ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ  ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၅၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် (၂၇၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းစုကို ပို့ပလဲယား မြို့(Port Blair)အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။


အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းသည် အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင် သဖြင့် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ သက်ရောက်မှု အန္တရာယ်ကို ခံစားရနိုင်သည်ဟု ပါရှိသည်။


အားကောင်းသောမုန်တိုင်းငယ် သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်သည်။ 


အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလထုတ်ပြန်ချက်အရ သိရသည်။


MDN