နေပြည်တော် ၅ နိုဝင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၆ နာရီတွင် မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၁၉) ကို ထုတ်ပြန်ရာ ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့သည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် ယနေ့ ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု (၁၃.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းဖြစ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် နောက်(၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး အစဦးတွင် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက် ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်သည်။

MDN