မူဆယ် ၂၈ မတ်
ယနေ့နံနက် ၉ နာရီက မူဆယ်ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသည် မီဘေးကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို မူဆယ်မြို့ အမှတ်(၁) စည်ပင်သာယာဈေး၌ ကွင်းဆင်းသရုပ်ပြသခဲ့ပြီး ပြည်သူများအား လက်တွေ့ မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြုပုံများကို ပြည်သူများအား လက်တွေ့ပြသ ရှင်းလင်းခဲ့ပြီး မီးသတ်ဗူးများဖြင့်လက်တွေ့ ငြှိမ်းသတ်စေခဲ့သည်။
ဆက်လက်၍ မီးသတ်ဝန်ထမ်းများအတွက် မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က မီးသတ်အင်္ကျီများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များမှ (Ladder) အသုံးပြု၍ ရေတွင်း၊ ရေကန်၊ ချောက်ကမ်းပါးတွင် ပြုတ်ကျ၍ ဒဏ်ရာရရှိနေသော လူနာအားကယ်တင်ပုံ၊ ကယ်တင်နည်းများကို သရုပ်ပြသမှုများ လုပ်ဆောင်ခဲ့သည်။ ရှာဖွေရေးကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကြိုးအသုံးပြု၍ အဆောက်အဦတစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးခတ်ကယ်ဆယ်ပုံများ၊ အထပ်မြင့် အဆောက်ဦး မီးလောင်ရာတွင် မီးခိုးမွန်း၍ သတိလစ်နေသည့် လူနာအား ကယ်ဆယ်ပုံ၊ ကယ်ဆယ်နည်းများကို လက်တွေ့သရုပ်ပြသပေးသည်။
ထို့နောက် မူဆယ်မြို့၊ အမှတ်(၁)နှင့် အမှတ်(၂) စည်ပင်သာယာဈေးများကို မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့သည်။ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြည်သူများက အားပေးကြည့်ရှုခဲ့ကြသည်။
ဗန်ရိုးထန်(ပြန်/ဆက်)


