မူဆယ် ၃ ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခွဲ၊ မူဆယ် (ရှမ်းပြည်နယ်) အသင်းသားစုံညီ ညီလာခံနှင့် အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်းရွှေလီခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ၊ မူဆယ်(ရှမ်းပြည်နယ်ရုံး)ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဖိုးမြတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်လတ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် အထွေအထွေ အတွင်းရေးမှူးချုပ် ဦးစိုးမြင့်၊ တွဲဖက် အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းမောင်နှင့် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အသင်းခွဲဆိုင်းဘုတ်ကို အမွှေးနံ့သာဖြင့် ပက်ဖြန်းခဲ့သည်။

 

အခမ်းအနားတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က အမှာစကား ပြောကြားရာတွင် “နယ်စပ် ဒေသတွေမှာဆိုရင် ဒီလိုမျိုး အသင်းအဖွဲ့နှင့် ဒီလိုမျိုး အင်အားတွေနဲ့ များစွာဆောင်ရွက်ဖို့ လိုအပ်နေပါတယ် ခုလိုနယ်စပ်ဒေသမှာ ဖွင့်လှစ်နိုင်တဲ့အတွက် အများကြီး အထောက်အကူ ပြုမယ်လို့လည်း ယုံကြည်ပါတယ်၊ မူဆယ်(ရှမ်းပြည်နယ်) အင်ဂျင်နီယာအသင်းခွဲ အနေဖြင့် အင်ဂျင်နီယာကောင်းတွေပေါ်ထွက်လာဖို့ အတတ်ပညာကောင်းတွေပေါ်ထွက်လာဖို့ ကျွန်တော်တို့ ကဏ္ဍကနေ ပါဝင်ပံ့ပိုးဆောင်ရွက် ပေးသွားပါမည်” ဟုပြောကြားခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ(ကိုယ်စား) ဒုတိယဥက္ကဌ ဦးတင်လတ်က “မူဆယ်ဒေသဟာ တရုတ်နိုင်ငံနှင့် နည်းပညာတွေနဲ့ ကပ်လျက် တည်ရှိနေပါတယ်၊ နယ်စပ်ဒေသ တော်တော် များများဟာ တစ်ဖက်နိုင်ငံက အင်ဂျင်နီယာတွေ ဝင်လာပြီး အလုပ်လုပ်ကြတာ တွေ့ရတယ်၊ ကိုယ့်နိုင်ငံဖက်က အင်ဂျင်နီယာတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတယ်၊ ထူးခြားတာက တခြားနိုင်ငံက အင်ဂျင်နီယာတွေ၊ အလုပ်သမားတွေက ကျွန်တော်တို့နိုင်ငံကို လာပြီး အလုပ်လုပ်ကြသလို ကိုယ့်နိုင်ငံက အင်ဂျင်နီယာနှင့်အလုပ်သမားတွေလည်း နိုင်ငံခြားကို သန်းနဲ့ချီ အလုပ်သွားလုပ်ကြတာတွေ့ရတယ်၊ ဘာလို့ ကိုယ့်နိုင်ငံပြည်တွင်းမှာ အလုပ်မလုပ်နိုင်တာလဲဆိုတော့ ကျွမ်းကျင်မှုနှင့် ပတ်သက်တဲ့ ကွာဟမှုတွေရှိနေပါတယ်၊ အဲ့ဒီကွာဟမှုတွေကို  နည်းပညာ လွှဲပြောင်းမှုနှင့် အသိပညာ လွှဲပြောင်းမှုတွေ လိုအပ်တဲ့အတွက် အသစ်ပေါ်ထွက် လာတဲ့စီးပွားရေး လုပ်ငန်းတွေ နည်းပညာ လုပ်ငန်းတွေကို ကျွန်တော်တို့လူတွေ အရည်ချင်းမှီမှီ ရယူနိုင်ဖို့ တတ်နိုင်သမျှ အထောက်အကူ ပေးဖို့ ရည်ရွယ်ပါတယ်” ဟုပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် အထွေအထွေအတွင်းရေးမှူးချုပ်ဦးစိုးမြင့်က မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ် နှင့်ပတ်သက်၍  အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)